နေပြည်တော်  ၁၆ ဇူလိုင် 

           

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဌ ဦးခင်စိုး နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ  ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ၍ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ ပြည်တွင်းစားသုံးဆီ တိုးတက်ထုတ်လုပ်ရေးနှင့် စျေးကွက်အာမခံချက် ရရှိရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် စိုက်ပျိုးနည်းပညာများ ဖြန့်ဖြူးပေးရန် နည်းပညာပြန့်ပွားရေးလုပ်ငန်းများကို ဘက်စုံမှဆောင်ရွက်ပေး လျက်ရှိသကဲ့သို့ စပါး၊ ပဲမျိုးစုံ နှင့် ဆီထွက်သီးနှံများအတွက် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပေးခြင်း၊ မျိုးကောင်းမျိုးသန့် သုတေသနများ ဆောင်ရွက်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အခြားတစ်ဘက်တွင်လည်း ပုဂ္ဂလိကမျိုးစေ့ထုတ်လုပ်သူများကို အားပေး ဆောင်ရွက်ခြင်းဖြင့် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ဖူလုံစွာသုံးစွဲ နိုင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ အရည် အသွေး မှန်ကန်မှုမရှိသော စားသုံးဆီများအား ထိန်းချုပ်နိုင်ရေးနှင့် စားသုံးဆီအရည် အသွေးမြှင့်တင်နိုင်ရေး အတွက် စားသုံးဆီမူဝါဒတစ်ရပ် ချမှတ်ပေးနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြေယာများ အသုံးပြုရာတွင် သတ်မှတ်ပြဌာန်းထားသော ဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ပါကြောင်း၊ ကန်ထရိုက် လယ်ယာစနစ်တွင် တောင်သူဘက်က လိုက်နာရန် (၉)ချက် ၊ ကန်ထရိုက် ပေးမည့် လုပ်ငန်းရှင်ဘက်က လိုက်နာရန် (၁၁)ချက် တို့ဖြင့် ယုံကြည်မှု တည်ဆောက် ဆောင်ရွက်နေကြခြင်း ဖြစ်သည့် အတွက် နှစ်ဦးနှစ်ဘက် အပြန်အလှန် အကျိုးပြုနိုင်ရေး ရှေ့ရှုဆောင်ရွက် သွားကြရန်လိုကြောင်း၊ ယင်းလုပ်ငန်းများအတွက် ဌာနဆိုင်ရာဘက်က ပံ့ပိုးဆောင်ရွက်ရမည့် အချက်(၉)ချက်အရ ကန်ထရိုက် လယ်ယာစနစ် ဖွံ့ဖြိုးလာရေးကို  မိမိတို့ ဝန်ကြီးဌာန က ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

 

(သတင်းစဉ်)