နေပြည်တော်  ၁၅   ဩဂုတ် 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည်  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးအောင်ဇော်နိုင်တို့နှင့်အတူ  သြဂုတ် ၁၄ ရက်က ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ  တောင်ငူမြို့နယ်၊ ကေတုမတီ ငါးနှင့်ကြက်မွေးမြူရေး ကုန်ထုတ်သမဝါယမအသင်း လီမိတက်အသင်းဝင် ငါးမွေးတောင်သူများအတွက် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ရာ ငါးမွေးကန် (၁၁၂ ဒသမ ၆၁) ဧကအတွက် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်ငူခရိုင်အတွင်း၌ ငါးမွေးကန် (၄၂၁ ဒသမ ၆၉)ဧကကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။ 
ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်”(CERP) အရ ငါးမွေးမြူရေး လုပ်ငန်းများ ပိုမိုအောင်မြင်လာစေရန်ရည်ရွယ်၍ ငါးသားပေါက်များ ထောက်ပံ့ပေးလျက်ရှိရာ တစ်ဧကလျှင် ငါးသားပေါက်ကောင်ရေ ၂၀၀၀ နှုန်းဖြင့် တစ်နိုင်ငံလုံးရှိ ငါးမွေး ကန်ဧက ၁၅၀၀၀ အတွက် ငွေကျပ်သန်း ၆,၀၀၀ တန်ဖိုးရှိ ငါးသားပေါက်များ ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း သိရသည်။


အလားတူ ရေလုပ်သားများ ပင်လယ်ပြင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာသင်တန်း များကို ကမ်းရိုးတန်းဒေသရှိ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဖွင့်လှစ်ပေးနိုင်ရေးအတွက် ငွေကျပ်သန်း(၆၀) ပံ့ပိုးပေးရန် နိုင်ငံတော်အစိုးရမှ ခွင့်ပြုချက် ရရှိခဲ့ရာ ငါးမွေးတောင်သူများနှင့် ငါးဖမ်း လုပ်သားများအတွက် အကျိုးရှိထိရောက်စေမည့် အစီအမံများဖြင့် ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အုတ်တွင်းမြို့နယ် ဘန့်ဘွေးကုန်းအိုးထိန်းချောင်း တူးဖော်မှုလုပ်ငန်း၊ ခပေါင်းလက်ဝဲ မြောင်းမကြီး DY-1 ၏ DO -4 ၌ ရေသုံးစွဲသူများအဖွဲ့ WUG များ၏ မြောင်းရှင်း၊ မြောင်းဆယ်ခြင်း၊ ရေသွယ် ရေသောက်မြောင်းများ  မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။


ယင်းနောက် ရေသုံးစွဲသူများအဖွဲ့ WUG များနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တောင်သူ လယ်သမားများအနေဖြင့် ပြောင်းလဲဖြစ်ပေါ်လာသည့် ရာသီဥတုနှင့် မိမိတို့၏ ရေအရင်းအမြစ် အခြေအနေများအရ ဒေသအလိုက် စိုက်ပျိုးရေ ရယူသုံးစွဲနိုင်ရေးကို ဌာနက ထုတ်ပြန်ပေးထားသည့် စည်းကမ်းများ၊ နည်းလမ်းများနှင့် အညီစနစ်တကျ စီမံဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေ သုံးစွဲရာတွင် မိုးကောင်းသောက်စနစ်များပြားလျက်ရှိပြီး ဆည်ရေသောက်စနစ်သည် တစ်နိုင်ငံလုံး စိုက်ဧက၏ ၁၅ ရာခိုင်နှုန်းသာ ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း ပြောင်းလဲလာသော ရာသီဥတုနှင့် နောင်လာမည့် ကာလများ၌ ရေရရှိသုံးစွဲမှုပိုမိုတိုးမြှင့်ပေးနိုင်ရေးကို စီမံကိန်းများ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ရေသုံးစွဲသူများအဖွဲ့ WUG များမှတစ်ဆင့် ရေသုံးစွဲသူများအသင်း WUA များတိုးမြှင့် ဖွဲ့စည်းပြီး ပိုမိုကျယ်ပြန့်သည့် ရေသုံးစွဲမှုစနစ်တရပ် ထူထောင်သွားနိုင်ရေးအတွက် ပူးပေါင်းကြိုးပမ်းပေးကြရန် ဆွေးနွေးပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ငူမြို့နယ် ထန်းကုန်း ကျေးရွာ၌ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက် (CERP) ၏ Cash for Work အထောက်အပံ့ငွေကျပ်(၁၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျောက်ရောမြေခင်းခြင်း၊ ရေမြောင်း တူးဖော်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းပြသကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။


ထိုမှတစ်ဆင့် ဖြူးမြို့နယ် ခရမ်းကျေးရွာ၌ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာ ရေးစီမံချက် (CERP) ၏ Cash for Work အထောက်အပံ့ ငွေကျပ်(၁၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ရေမြောင်း တူးဖော်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖြူးဆည်ရေသောက်စနစ်နှင့် ဖြူးရေလွှဲဆည်တို့ကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများက  ဖြူးဆည်ရေသောက်အတွင်း စိုက်ပျိုးရေပေးဝေမှု အခြေအနေများ၊ ဖြူးရေလှောင်တမံကြံ့ခိုင်ရေးနှင့် ရေပိုလွှဲအောက်ခြေ ရေငြိမ်ကန် ဆောင်ရွက်ပြီးစီး မှုများကို  ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆည်ရေသောက်စနစ်များ ဖွံ့ဖြိုးရေး၊ ရေလှောင်တမံများ ဘေးကင်းလုံခြုံရေးနှင့် ဆည်ရေစနစ်တကျ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ကျေးတောစုရွာ၌ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက် (CERP) ၏ Cash for Work အထောက်အပံ့ငွေကျပ် (၁၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် စာသင်ကျောင်း ခြံစည်းရိုးကာရံခြင်း၊ လမ်းမြေတူးမြေခင်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။


ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကြပ်အတည်းများမှ အမြန်ဆုံး အဆင်ပြေစေရေးအတွက် ကာလတိုစီမံချက်ဖြစ်သည့် “Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်” (CERP)အရ ပြည်သူများဝင်ငွေရရှိစေမည့် အလုပ်အကိုင်ဖန်တီး ဖော်ဆောင်ပေးရန်၊ ကျေးရွာများ၏ အခြေခံ အဆောက်အအုံများဖွံ့ဖြိုးရန်နှင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရန် တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် Cash for Work စီမံကိန်းကို ငွေကျပ်သန်း၂၅၀၀၀ အသုံးပြုပြီး နိုင်ငံတစ်ဝန်းရှိ ကျေးရွာ ၂၄၈၈ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာအိမ်ထောင်စု ၁၂၀၀၀၀ ကို အကျိုးပြုနိုင်မည်ဖြစ် သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျေးတောစုသမဝါယမအသင်းသို့ ရောက်ရှိကြရာ အသင်း တာဝန်ရှိသူများက အသင်း၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး သမဝါယမဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်က သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် သမဝါယမအသင်းများ တိုးတက် အောင်မြင်ရေးအတွက် ဌာနက ကူညီပံ့ပိုးပေးနေမှု ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကိုမှာ ကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်