နေပြည်တော် ၂၃ သြဂုတ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး / ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီတွင် ပြည်မြို့၊ ဖုမ္မသိမ်ကျေးရွာတွင် “ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်” (CERP) အရ ဆောင်ရွက်သည့် Cash For Work စီမံကိန်းလုပ်ငန်း ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်မြို့နယ်အတွင်း၌ “ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်” (CERP)အရ ဆောင်ရွက်သည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်းများကို ကြည့်ရှုစစ်ဆေး အားပေးသည်။
ပြည်ခရိုင်တွင် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ မိုးစပါးမျိုးစေ့ထုတ် ဧကစုစုပေါင်း ၉၈၂၄ ဒသမ ၅ ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး ထောက်ပံ့ငွေကျပ် ၁၄၅၉၄၇၈၂၅၀ ပေးအပ်မည်ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်မြို့နယ် ဇီးအုပ်ကျေးရွာ ရှိ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာရေးစခန်းတွင် သင်တန်းတက်ရောက်လျက်ရှိသော တောင်သူလယ်သမား ကိုယ်စားလှယ် သင်တန်းသားများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိအစိုးရကာလအတွင်း ဖြေရှင်းဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ မြေယာပြဿနာများနှင့် လယ်ယာမြေ ဥပဒေဆိုင်ရာများကိုလည်းကောင်း၊ တောင်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကုန်ထုတ်လုပ်မှု၊ ဌာနဆိုင်ရာ ပုဂ္ဂလိကအသင်း အဖွဲ့များနှင့် ဆက်ဆံရေး ၊ မြေယာပြဿနာ ဖြေရှင်းဆောင်ရွက်ရေးတို့ကို တောင်သူများကိုယ်တိုင် ဦးဆောင်ဦးရွက် ပြုနိုင်ကြစေရန် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ တောင်သူလယ်သမား အသင်းအစုအဖွဲ့များ ဖွဲ့စည်းရေးအတွက် တောင်သူလယ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေရေးဆွဲနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်တို့က CERP စီမံကိန်းအရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေ နှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးနှင့် အဖွဲ့သည် သင်တန်းခန်းဆောင်သစ် တည်ဆောက်နေမှုနှင့် ဘက်စုံစိုက်ပျိုးမွေးမြူရေး ပေါင်စည်းလယ်ယာစနစ်တို့ကို ကြည့်ရှုစစ်ဆေး အားပေးကြသည်။
ပြည်မြို့နယ်တွင် Cash For Work စီမံကိန်း(၉)ရွာ၌ လုပ်ငန်းခွဲပေါင်း(၂၅)ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းအသုံးစရိတ် ၃၇ ရာခိုင်နှုန်းကို လုပ်ငန်းသုံးပစ္စည်းနှင့် ၆၃ ရာခိုင်နှုန်းကို လုပ်သားခအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။ အလားတူ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း VRFP ကို ကျေးရွာ (၈) ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးလုပ်ငန်း (၄၈၂) ခု၊ မွေးမြူရေးလုပ်ငန်း (၅၉) ခု၊ အရောင်းအဝယ်လုပ်ငန်း (၁၃၃) ခု၊ သက်မွေးလုပ်ငန်း (၁၀) ခု စုစုပေါင်းလုပ်ငန်း (၆၈၄) ခုကို အရင်းအနှီး ငွေကျပ်သန်း (၂၂၀) ထုတ် ချေးပေးပြီးဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး၌ Cash For Work စီမံကိန်းကို မြို့နယ် (၂၈) မြို့နယ်ရှိ ကျေးရွာ (၂၅၀) ၌ လုပ်ငန်းခွဲပေါင်း (၆၄၇) ခုအား ငွေကျပ်သန်း (၂၅၀၀) အသုံးပြုကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာပေါင်း (၂၂၀) ၌ ငွေကျပ်သန်း (၅၉၀၀) အသုံးပြု၍ VRFP စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အလားတူ CERP အရ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ငါးမွေးတောင်သူ (၁၉၄၇) ဦး၏ ငါးမွေးကန် ( ၁၉၄၇၈ ဒသမ ၆၉ ) ဧက အတွက် ကျပ် (၇၇၉) သန်းကျော် အသုံးပြု၍ ငါးသားပေါက်များ ထောက်ပံ့ ပေးလျက်ရှိသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး နှင့်အတူ အောင်လံမြို့နယ်၊ လက်ပန်ကန်ကျေးရွာသို့ ရောက်ရှိကြပြီး Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်ထားသော မြေသားရေကန်တူးဖော်ခြင်း လုပ်ငန်း၊ လုပ်အားခငွေများ လက်ငင်းပေးချေနေမှု၊ မအူခုံကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်ထားသည့် ကျေးရွာကျောက်ချောလမ်း ခင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဒေသနေပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးကျေးရွာ၌ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် (CERP) အရ စိုက်ပျိုးထားရှိသည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းနှင့် ကုန်ထုတ်လမ်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဝက္ကသေးကျေးရွာရှိ မွေးမြူရေးတောင်သူများအား တိရစ္ဆာန် ကျန်းမာရေး စောင့်ရှောက်မှုသင်တန်းကို ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပို့ချပေးနေမှုကို ကြည့်ရှုအားပေးသည်။
မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ပေးနိုင်ရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဇွန်လ မှ စက်တင်ဘာလအတွင်း တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု သင်တန်း၊ မေထုန်မဲ့သားစပ်သင်တန်း၊ မွေးမြူထုတ်လုပ်မှု သင်တန်းများကို ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ငွေကျပ်သန်း ၁၄၄၀ အသုံးပြု၍ တိုင်းဒေသကြီး ပြည်နယ်(၈)ခုရှိ မြို့နယ်(၁၀၀)၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာရပ်မိရပ်ဖများ၊ ငါးမွေးတောင်သူများ၊ သိုး၊ ဆိတ်၊ နွား မွေးမြူရေး လုပ်ကိုင်သူများနှင့် တွေ့ဆုံစဉ် မွေးမြူရေးထွက်ကုန်များ ထုတ်လုပ်ရာတွင် ပြည်တွင်းစားသုံးမှုအတွက်သာမက နိုင်ငံတကာစျေးကွက်သို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် GAqP၊ GAHP ကျင့်စဉ်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP) အရ မိုးစပါး မျိုးစေ့ထုတ်စိုက် တောင်သူများအတွက် ထောက်ပံ့ငွေများနှင့် ငါးမွေးတောင်သူများအတွက် ငါးသားပေါက်များနှင့် မိသားစုအိမ်ခြံဝန်း ဟင်းသီးဟင်းရွက် စိုက်ခင်းများ စိုက်ပျိုးကြရန် ဟင်းသီးဟင်းရွက် မျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


