နေပြည်တော် ၁၈ သြဂုတ်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် သြဂုတ် ၁၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ဖွင့်လှစ်သည့် ဝက်မွေးမြူရေးသင်တန်းသို့ ရောက်ရှိပြီး သင်တန်းနည်းပြများ၊ သင်တန်းသူ သင်တန်းသားများအား တွေ့ဆုံအားပေးစကားပြောကြားကာ သင်တန်းသားများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

 

မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ပေးနိုင်ရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဇွန်လမှ စက်တင်ဘာလအတွင်း တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း၊ မေထုန်မဲ့သားစပ်သင်တန်း၊ မွေးမြူထုတ်လုပ်မှုသင်တန်းများကို ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ငွေကျပ်သန်း ၁၄၄၀ အသုံးပြု၍ တိုင်းဒေသကြီး ပြည်နယ်(၈)ခုရှိ မြို့နယ်(၁၀၀)၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငမိုးရိပ်ရေလှောင်တမံ မိုင်နာမြောင်း DM-6 တွင် ငမိုးရိပ်ရေသောက် တောင်သူများဖြင့် ဖွဲ့စည်းထားသည့် ရေအသုံးချသူများအဖွဲ့(WUG)များနှင့် တွေ့ဆုံ၍ ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ တောင်သူမိသားစုများ၏ ကျန်းမာရေး၊ လူမှုရေး အခြေအနေများမေးမြန်းပြီး ပြည်ထောင်စုဝန်ကြီးက အားပေးစကားပြောကြားကာ လိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှည်းကူးမြို့နယ် အုန်းနှဲကုန်းကျေးရွာ အမှတ်(၃၅) စက်မှုလယ်ယာစခန်းတွင် CERP အရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းသို့ ရောက်ရှိကြပြီး ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် နေပြည်တော်၊ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း စသည့် တိုင်းဒေသကြီး (၆)ခုတွင် ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးပေးခြင်း၊ ပျိုးဘန်းဖြင့် ပျိုးထောင်ခြင်း၊ ကြားပေါင်းလိုက်ခြင်း စသည့် လုပ်ငန်းများကို Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(CERP)အရ ငွေကျပ် ၂၀၄ သန်း အသုံးပြု ဆောင်ရွက်ပေးလျက်ရှိပြီး၊ တိုင်းဒေသကြီး ပြည်နယ် (၁၁)ခုတွင် လယ်ယာသုံးစက်ကိရိယာ ၁၂၅၆ ဒသမ ၈၅ သန်းဖိုး ဖြန့်ဖြူးပေးခဲ့သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အုန်းနှဲကုန်း ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာတွင် ဒေသနေတောင်သူများနှင့်တွေ့ဆုံ၍ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ကုန်သွယ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ လုပ်ငန်းရပ်ဆိုင်းမှု ရှိနေသော်လည်း စားနပ်ရိက္ခာဖူလုံမှုအပေါ် ထိခိုက်မှုမဖြစ်ပေါ်စေရန်နှင့် တောင်သူများ၏ လယ်ယာလုပ်ငန်းခွင် လုပ်ကိုင်ဆောင်ရွက်မှုအား အထောက်အကူဖြစ်စေရန် နိုင်ငံတော်က ကိုဗစ်-၁၉  စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) ရေးဆွဲချမှတ်ပေးမှုအပေါ် မိမိတို့ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးမှာကြားကာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား စိုက်ပျိုးစရိတ်များ ထောက်ပံ့ပေးအပ်ရာ တောင်သူများက လက်ခံရယူကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် မိသားစုဥယျာဉ်ခြံ စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးအားပေးကြသည်။

 

ယင်းနောက် သနပ်ပြင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား စစ်ဆေးကြည့်ရှုသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ဧက(၃၀၀)စိုက်ကွင်းတွင် CERP အရ စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်း ရောက်ရှိကြပြီး (RS to CS)မျိုးသန့်မျိုးပွား စိုက်ပျိုးထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး အားပေးသည်။

 

ထို့နောက် စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်းတွင် ပြည်ထောင်စုဝန်ကြီးက ဒေသနေ တောင်သူများအား တွေ့ဆုံအမှာစကားပြောကြားပြီး ကျေးရွာအုပ်စု(၁၇)အုပ်စု မိုးစပါးမျိုးစေ့ထုတ်စိုက်ဧက (၇၁၉)ဧကအတွက် CERP အရ စိုက်ပျိုးစရိတ်ထောက်ပံ့ငွေ (၁၀၆၇၇၁၅၀၀) ကျပ်ကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျေးရွာအုပ်စု(၁၃)အုပ်စု မိုးစပါး မျိုးစေ့ထုတ်စိုက်ဧက (၃၂၉)ဧကအတွက် (CERP) အရ စိုက်ပျိုးစရိတ်ထောက်ပံ့ငွေ (၄၈၈၅၆၅၀၀) ကျပ်ကိုလည်းကောင်း ပေးအပ်ရာ အကျိုးဆောင်တောင်သူကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။

 

ယခုအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်အတွင်းရှိ ကျေးရွာအုပ်စု(၃၀)မှ တောင်သူ (၃၈၀)၊ စုစုပေါင်းစိုက်ဧက (၁၀၄၈)ဧကအတွက် ကိုဗစ်-၁၉  စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် (CERP)အရ မိုးစပါးမျိုးစေ့ထုတ် စိုက်စရိတ်ငွေကျပ်စုစုပေါင်း (၁၅၅,၆၂၈,၀၀၀)ကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး၊ တစ်နိုင်ငံလုံးရှိ မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက တစ်သိန်းအတွက် ကိုဗစ်-၁၉  စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်(CERP)အရ စုစုပေါင်း ငွေကျပ် ၁၄၉၁၁ ဒသမ ၃၃ သန်း ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn