နေပြည်တော်၊ နိုဝင်ဘာ ၉

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ တတိယရာထူးအကြီးဆုံးနှင့် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် ဖြစ်သူ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီး Mr. Raouf Mazou ဦးဆောင်သော အဖွဲ့ကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် Mr. Raouf Mazou ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ် မောင်တောမြို့၊ စစ်တွေမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့များသို့ သွားရောက်လေ့လာခဲ့မှု၊ ဝန်ကြီးဌာနနှင့် UNHCR တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေမှု၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ခွင့်ဗီဇာနှင့် ပြည်တွင်း ခရီးသွားလာခွင့်ကိစ္စများ၊ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေး နွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ဗျူရိုညွှန်ကြားရေးမှူး Mr. Indrika Ratwattee ၊ UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Ms. Noriko Takagi နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်