နေပြည်တော်၊ အောက်တိုဘာ ၉

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တာဝန်ရှိသူများနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်လျှက်ရှိသည့်  ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်၌ တာဘောင်ရေကျော်နေမှု၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့် ပြည်သူများအား ရွှေ့ပြောင်းပေးနေမှု၊ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓမ္မလင်္ကာရကျောင်းတိုက် ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းနှင့် မွန်ဓမ္မာရုံကယ်ဆယ်ရေး စခန်းများရှိ ရေဘေးရှောင် ပြည်သူများနှင့်တွေ့ဆုံပြီး သဘာဝဘေးသင့် ပြည်သူများကို အချိန်နှင့်တပြေးညီ ကူညီထောက်ပံ့ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ အရေးပေါ် လိုအပ်လာနိုင်မည့် ကျန်းမာရေးကိစ္စရပ်များ၊ နောက်ဆက်တွဲကူးစက်ရောဂါများ မဖြစ်ပွားစေရေး၊ မြွေနှင့်ကင်းကဲ့သို့သော အဆိပ်ရှိသတ္တဝါများအန္တရာယ်မှ သတိပြုနေထိုင်ရေးနှင့် ရေဘေးရှောင်စခန်းများ၌ ခေတ္တလာရောက်သည့် ပြည်သူများအနေဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ကြရန် လိုအပ်ကြောင်းပြောကြားကာ ရေဘေးရှောင်ကယ် ဆယ်ရေးစခန်း ၃၆ ခုမှ အိမ်ထောင်စု (၃၄၆၅) စု၊ ဘေးသင့်ပြည်သူ (၁၄၃၀၄)  ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၃၀,၀၃၈,၄၀ဝိ/-) နှင့် ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်များ ထောက်ပံ့ပေးအပ်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်း ဒေသကြီး၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ရေဘေးကွပ်ကဲရေးစခန်း ဖွင့်လှစ်ထားရှိသည့် သာသနာ့  ဗိမ္မာန်သို့ရောက်ရှိရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပဲခူးမြို့အတွင်းမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေ လျှံဖြစ်ပေါ်နေမှု၊ တိုင်းဒေသကြီး သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့မှ စီမံဆောင်ရွက်ပေးနေမှု၊ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးနေမှု၊ စခန်းများတွင် စားရေရိက္ခာ စီမံထားရှိမှု၊ ကျန်းမာရေးဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဖိုက်ဘာစက်လှေများနှင့် အရေးပေါ်အသုံးပြုရန် ရေသန့်စင်ဆေးပြားများ ထောက်ပံ့ ပို့ဆောင်ပေးသွားမည်ဖြစ် ကြောင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးမြို့ ရှင်စောပုရပ်ကွက် အုန်းပင်လမ်းလမ်းမကြီးနှင့် မဂ္ဂတစ်လမ်းဆုံ ရေဝင်ရောက်မှု အခြေအနေနှင့် ပဲခူးမြို့ မြို့ရှောင်လမ်းနှင့် ကတွင်းချန်ရွာရေထွက်ပေါက်မှ ရေလွှဲထုတ်နိုင်မည့် အခြေအနေများကို  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်