နေပြည်တော် ဇွန် ၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်အောင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့သို့ရောက်ရှိပြီး ဆီဆိုင်မြို့ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက် နေမှု၊ ယာယီစျေးဖွင့်လှစ်ရောင်းချနေမှု၊ ဆီဆိုင်မြို့အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှု၊ ဆီဆိုင်မြို့ပြည်သူ့ဆေးရုံ ပြုပြင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး ဆီဆိုင်မြို့ ဇဝနရာမကျောင်းတိုက်သို့သွားရောက်ကာ ဆီဆိုင်မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ပြန်လည်ရောက်ရှိနေ ထိုင်လျှက်ရှိကြသော ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သော (၁)လစာဆန်ရိက္ခာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက ထောက်ပံ့သော ကယ်ဆယ်ရေးပစ္စည်းများ၊ ငါးသေတ္တာဗူးနှင့် ခေါက်ဆွဲခြောက်များ၊ သေဆုံးသူနှင့် ဒဏ်ရာရသူများအတွက် ထောက်ပံ့ကြေးငွေများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၃)နှစ်အထိ ကလေးငယ်များ၊ အသက်(၇၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ မသန်စွမ်းသူများ စသည့်ထိခိုက်လွယ် အုပ်စုများအတွက် ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် (၂၉၂၃ ဒသမ ၄) သိန်း တန်ဖိုးရှိ ငွေနှင့် ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဆီဆိုင်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မီးသတ်၊ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားမိသားစုများအတွက် ဆီ၊ဆား၊ ကြက်သွန်၊ အာလူး၊ ငါးသေတ္တာ အစရှိသည့် စားသောက်ကုန်များ၊ ထိခိုက်ပျက်စီးခဲ့သော မဲနယ် တောင်တန်းဒေသ ကျေးရွာများ လျှပ်စစ်မီးရရှိရေး၊ ဆီဆိုင်မြို့ရေပေးဝေရေးလုပ်ငန်းများ၊ ယာယီစျေးပြန်လည် တည်ဆောက်ရန်နှင့် ထိခိုက်ပျက်စီးခဲ့သော လူနေအိမ်များပြုပြင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေကျပ် (၇၀၅၅ ဒသမ ၅၈) သိန်းတို့ကို တာဝန်ရှိသူများနှင့် ဘေးသင့်ပြည်သူများသို့ ပေးအပ် ထောက်ပံ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးက ဆီဆိုင်မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ပျက်စီးသွား သောလူနေအိမ် (၆၃၇)လုံးပြုပြင်ရန်အတွက် ပျက်စီးမှုအပေါ်မူတည်ကာ အုပ်စုခွဲခြား၍ နယ်စပ်ရေးရာ ဝန်ကြီးဌာနက ပထမအကြိမ် ကနဦးထောက်ပံ့ငွေကျပ်သိန်း (၄၆၀)၊ ဒုတိယအကြိမ် ထောက်ပံ့ငွေကျပ် (၃၉၆၁) သိန်း စုစုပေါင်းငွေကျပ်သိန်း (၄၄၂၁)သိန်းကို ဒေသဦးစီးအဖွဲ့နှင့် တာဝန်ရှိသူများသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်သည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် ပြန်လည် ဝင်ရောက်နေထိုင်သည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားကြပြီး လိုအပ်သည် များမေးမြန်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)