တောင်ကြီး ဇွန် ၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့သို့ရောက်ရှိပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အသိပညာပေးစင်တာနှင့် ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက စင်တာအတွင်းအပြင် သန့်ရှင်းသပ်ရပ်စေရေးနှင့် မီးဘေးလုံခြုံရေး အမြဲမပြတ်ဆောင်ရွက်ကြရန်၊ ဝန်းခြံအတွင်း အရိပ်ရအပင်နှင့် ရာသီအလိုက် အလှပင်၊ သီးပင်၊ စားပင်များ စိုက်ပျိုးထားရှိရန်နှင့် ထောက်ပံ့မှုလုပ်ငန်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်မြန်ဆန်စွာဖြင့် ပြည်သူများသို့ဝန်ဆောင်မှုပေးရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟိုပုံးမြို့ရှိ ကန်သာယာမူလတန်းကြို ကျောင်းသို့သွားရောက်ပြီး ကလေးငယ်များအား သင်ကြားပြုစုစောင့်ရှောက်နေမှုနှင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းထားရှိမှု အခြေအနေများကို ကြည့်ရှုကာ ကလေးငယ်များအား ပဲနို့နှင့် အာဟာရမုန့်များပေးဝေသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မူကြိုဆရာမများနှင့် တွေ့ဆုံရာပြီး နိုင်ငံတော်၏ အနာဂတ်ဖြစ်သော ရင်သွေးငယ်များကို ဝန်ကြီးဌာနက သတ်မှတ်ပေးထားသော သင်ရိုးများ၊ သင်ကြားနည်းစနစ်များဖြင့် စနစ်တကျပြုစုစောင့်ရှောက်ပေးကြရန်၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ငယ်စဉ်ကပင် စွဲမြဲစေရေး မပြတ်လေ့ကျင့်သင်ကြားပေးကြရန်တို့ကို မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်