နေပြည်တော် နိုဝင်ဘာ ၃ 

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။ 

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဉ်များကို  ၂၀၁၄ ခုနှစ်တွင် ရေးဆွဲခဲ့ပြီး ထောက်ပံ့မှုများဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွက် ရှမ်းပြည်နယ်မှ အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးငယ် စုစုပေါင်း (၆၈,၈၄၃)ဦးနှင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၂၇၈၂)ဦးကို ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း။

ထို့ပြင် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ်အတွင်းရှိ တည် ထောင်ခွင့်ပြုမိန့်ရရှိပြီးသော ဂေဟာ/ရိပ်သာ(၅၉)ခု၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း(၃၀၁)ကျောင်းတို့အတွက် ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လူမှု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်အတူ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံးက  ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်အတွက် အားကိုးအား ထားဖြစ်ရသော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ၊ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ကြေးများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံသို့လည်းကောင်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအတွက် ထောက်ပံ့ကြေးများကို စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ ကိုယ်စား ရှမ်းရိုးမဘိုးဘွားရိပ်သာမှ ကြီးကြပ်ရေးကော်မတီဝင် တစ်ဦးထံလည်းကောင်း ပေးအပ်ရာ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကိုယ်စား သူငယ်တော်ယေဇူးကျောင်း မသန်စွမ်းနှင့်မိဘမဲ့ဂေဟာမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသည့် သက်ကြီးဘိုးဘွားများ၊  ကိုယ်ဝန်ဆောင် မိခင်များ နှင့် အသက်(၂)နှစ်အောက် ကလေးများကို ထောက်ပံ့ကြေးများပေးအပ်ပြီး အခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ အရာ ထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားကာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းတာ ဝန်များကို ထမ်းဆောင်ကြရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီး မူလတန်းကြိုကျောင်း၊ ဟိုပုံးမူလတန်းကြိုကျောင်းနှင့် သူငယ်တော်ယေဇူးမသန်စွမ်း ဂေဟာတို့သို့သွားရောက်ပြီး ကလေးငယ်များ မူကြိုပညာရေးသင်ကြားနေမှုကို ကြည့်ရှုအားပေးကာ သူငယ်တော်ယေဇူးမသန်စွမ်းဂေဟာရှိ မသန်စွမ်းကလေးများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြားသည်။ 

ထို့နောက် မူလတန်းကြိုကျောင်းများရှိ ကလေးများအတွက် ထောက်ပံ့ငွေနှင့်  မုန့်များကိုလည်းကောင်း၊ သူငယ်တော်ယေဇူး မသန်စွမ်းဂေဟာတွင် ထောက်ပံ့ငွေ၊  ဆန်ရိက္ခာ၊ ဆီနှင့်မုန့်များကိုလည်းကောင်း ပေးအပ်လှူဒါန်းသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေး နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁)ထောက်ပံ့မှုအစီအစဉ် အောက်မှ ငွေကျပ်(၁၄၉ ဒသမ ၂၄)သန်းဖြင့် တည်ဆောက်လျက်ရှိသော ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပုံးမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ‌ပေးစင်တာနှင့် ကယ်ဆယ်ထောက်ပံ့ပစ္စည်းသိုလှောင်ရုံ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်