ရန်ကုန် စက်တင်ဘာ ၂၄

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် သင်တန်းကျောင်းကျောင်းအုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများ စောင့်ရှောက် ထားရှိမှု၊ သက်မွေးသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှု၊ ထုတ်ကုန်ပစ္စည်းများ ဆောင်ရွက်နေမှုနှင့် အနောက်ပိုင်းခရိုင်အတွင်း လူမှုဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးစောင့်ရှောက်နိုင်ရေးအတွက် သူနာပြုအကူသင်တန်း တက်ရောက်ပြီး သူများကို မွမ်းမံသင်တန်းများ ထပ်မံပေးရန်၊ သင်တန်းသူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး ဦးစားပေးဆောင်ရွက်ရန်၊ ရပ်ရွာအခြေပြု အိမ်တွင်းမှုသင်တန်းများကို ရပ်ရွာ၏လိုအပ်ချက်နှင့်အညီ ဖွင့်လှစ်ပေးရန် မှာကြားသည်။

 

ထို့နောက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်မည့်မြေနေရာကိုကြည့်ရှုပြီး ကျောင်းဝင်းအတွင်းရှိ (၂)ထပ်ကျောင်းဆောင်ဟောင်း ပြုပြင်နိုင်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် သင်တန်းသူများ အလုပ်လုပ်ကိုင်လျက်ရှိသော ယက္ကန်းရုံ၊ စက်ချုပ်ခန်း၊ လက်မှုခန်းနှင့် အရောင်းဆိုင်တို့ကို ကြည့်ရှုစစ်ဆေးပြီး ‌ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားကာ ခေတ်ကာလနှင့်လျော်ညီသော အရည်အသွေးရှိပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် စောင့်ရှောက်ထားသော အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ရှိသူများအား မှာကြားသည်။

 

ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် လက်ရှိ ကျောင်းသူ (၁၄၁)ဦးလက်ခံ စောင့်ရှောက်ထားပြီး ယင်းကျောင်းသူများအနက် အမြဲတမ်းဝန်ထမ်း(၉)ဦး၊ နေ့စားဝန်ထမ်း(၃၁)ဦး၊ ကျောင်းတွင်းယက္ကန်းအလုပ်ရုံတွင်(၁၂)ဦး၊ စက်ချုပ်/ လက်ပန်းထိုးခန်းတွင်(၂၃)ဦး(မသန်စွမ်းသူ ၁၁ ဦး အပါအဝင်)၊ ဆံပင် ကြိုးထိုးလုပ်ငန်းတွင်(၁၂)ဦး၊ သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေးနှင့် အကူသူနာပြု သင်တန်းသို့တက်ရောက်နေသူ (၁၅)ဦး စုစုပေါင်း (၁၀၂)ဦး အလုပ်အကိုင် အခွင့်အလမ်းရရှိ လျက်ရှိသည်။ အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိသော အသက်ကြီးသူ(၆)ဦး၊ မသန်စွမ်းသူ(၃)ဦး၊ စိတ်ကျန်းမာရေး ကုသမှု ခံယူနေရသူ (၃၀) စုစုပေါင်း (၃၉)ဦး ကို စောင့်ရှောက်ထားရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)