ရန်ကုန် ဒီဇင်ဘာ ၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ပင်မအထောက်အကူပြုဗဟိုဌာနသို့ သွားရောက်၍ မူကြိုဆရာမများအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွင် မူလတန်းကြိုဆရာမများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ သင်တန်းက ပို့ချသင်ကြားပေးသည့် ဘာသာရပ်များကို အလေးထားသင်ယူပြီး လက်တွေ့နယ်ပယ်တွင် စနစ်တကျ ပြန်လည်အသုံးချခြင်းဖြင့် ကလေးသူငယ်ဖွံ့ဖြိုးရေးအတွက် ထိရောက်အောင်မြင်မှုများ ရှိမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက်၍ လက်ခံစောင့်ရှောက်ထားသော ကျောင်းသားများအတွက် သင်ကြားလေ့ကျင့်ပေးမှု၊ ကျွေးမွေးမှု၊ သင်တန်းခန်းမနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသားလူငယ်များသည် အနာဂတ်၏ နိုင်ငံ့သားကောင်းများဖြစ်သဖြင့် မိမိကိုယ်ကိုတန်ဖိုးထားပြီး ရေရှည်ဘဝရပ်တည်ရေးအတွက် ပညာကို ကြိုးစားရမည်ဖြစ်ကြောင်း၊ ပြုစုစောင့်ရှောက်သူများအနေဖြင့်လည်း ပညာတော်၍ စည်းကမ်းပြည့်ဝ သော လူတော်လူကောင်းများဖြစ်လာစေရေး စနစ်တကျ သင်ကြားပေးရမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မသန်စွမ်းသက်ငယ်သင်တန်းကျောင်းနှင့် မသန်စွမ်း ကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာတို့သို့ သွားရောက်၍ လက်ခံပြုစုစောင့်ရှောက်ထားသော ကလေး များအား တစ်နေ့တာလုပ်ငန်း ဆောင်ရွက်မှုများအား ကိုယ်တိုင်ဆောင်ရွက်တတ်စေရန်နှင့် အခြေခံ အရေးအဖတ်နှင့် အကြိုသက်မွေးပညာများအား လေ့ကျင့်သင်ကြားပေးခြင်း၊ ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများနှင့် အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးအတွက် ကိုယ်ကာယပြန်လည်သန်စွမ်းစေရေး လေ့ကျင့်ပေးခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ကလေးများအား အားပေးစကားပြောကြားသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ကလေးများ၏ တကိုယ်ရည်သန့်ရှင်းရေးနှင့် အိပ်ဆောင်၊ စားဆောင်များ၏ သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ကြရန်နှင့် ကလေးများ၏ မသန်စွမ်းမှု အမျိုးအစား အလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို အစဉ်တစိုက် ကြည့်ရှုစောင့်ရှောက်ရန် မှာကြားသည်။
(သတင်းစဉ်)


