နေပြည်တော် ဒီဇင်ဘာ ၁၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန သင်တန်း ကျောင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်သင်တန်း Level-1 ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကျောင်းများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းများတွင် တာဝန်ထမ်းဆောင်သော ဝန်ထမ်းများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းကျောင်းသို့ ရောက်ရှိလာသော ကလေးသူငယ်များအား မိမိကိုယ်ကို တန်ဖိုးထားတတ်စေပြီး ရပ်ရွာအတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးကို လူမှုဝန်ထမ်း နည်းလမ်းများဖြင့် အဓိက ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ လူမှုဝန်ထမ်းသမားများ၏ ကျင့်ဝတ်စည်းကမ်းနှင့် လူမှုဝန်ထမ်း ဆိုင်ရာဘာသာရပ်များကို သိရှိနားလည်ခြင်းဖြင့် ရပ်ရွာ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်အတွက် များစွာ အကျိုးကျေးဇူး ဖြစ်ထွန်းစေနိုင်ခြင်းကြောင့် သင်တန်းမှပို့ချပေးသည့်နည်းလမ်းများကို လက်တွေ့နယ် ပယ်တွင် ထိရောက်စွာပြန်လည် အသုံးချစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
အဆိုပါသင်တန်းသို့ လူမှုဝန်ထမ်းဦးစီးဌာနရှိ ကလေးပြုစုရေး(၇)ခု၊ လူငယ်နှင့် အမျိုးသမီး သင်တန်း ကျောင်း(၁၆)ကျောင်းမှ သင်တန်းသား၊သင်တန်းသူ (၄၀) တက်ရောက်ကြပြီး သင်တန်းကာလမှာ ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှ ၁၅ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Ms.Noriko Takagi အား အဆိုပါဝန်ကြီးဌာ ဧည်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် UNHCR အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူများ အား အကူအညီ ပေးရေးကိစ္စရပ်များ၊ ဝန်ကြီးဌာနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဖလှယ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)