နေပြည်တော် ဖေဖော်ဝါရီ ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နေပြည်တော် M-Gallery Hotel တို့ ပူးပေါင်း၍ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် M-Gallery Hotel ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်၍ အမှာစကားပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းတွင်  လုပ်ငန်းခွင်အတွက် အရေးပါသည့် အကြောင်းအရာများကို စာတွေ့အပြင် လက်တွေ့ဆောင်ရွက်မှုများနှင့်အတူ ဆွေးနွေး ပို့ချခြင်းဖြစ်သည့်အတွက် လေ့လာမှတ်သားကာ မိမိတို့ဌာနများ၏  နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများ၊ အခမ်းအနားများ၊ အစည်းအဝေးများ ဆောင်ရွက်ကြသည့်အခါ အဆင့်နှင့် လိုက်လျောညီထွေမှုရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြများက သင်တန်း(၂)ခုလုံးတွင် သင်ကြားပို့ချမည့် ဘာသာ ရပ်များကို ရှင်းလင်းတင်ပြကြသည်။

အဆိုပါ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂)သို့ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း (၃၅)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ  ဖေဖော်ဝါရီ ၃ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့်  သင်တန်းအမှတ်စဉ်(၁)ကို ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၃၆)ဦး တက်ရောက်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် မိုဘိုင်းပေးချေမှုလမ်းကြောင်းများမှတစ်ဆင့် ငွေကြေးလိမ်လည်မှု တားဆီးရေး အသိပညာပေးဆွေးနွေးပွဲ တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းတင် ပြခြင်းအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းအမှုထမ်းများ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် Online လိမ်လည်မှုနည်းလမ်းများ၊ ဖြစ်စဉ်များကို အစဉ်အမြဲလေ့လာသိရှိနေရန် လိုအပ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းသော်လည်းကောင်း၊ ဌာန၏ ငွေကြေးကိုင်တွယ်သုံးစွဲမှုများ နှင့်စပ်လျဉ်း၍ သော်လည်းကောင်း Online လိမ်လည်မှုများမခံရစေရေး သတိပြုဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဦးစီးကျင်းပခဲ့သည့် မိုဘိုင်းငွေပေးချေမှု လမ်းကြောင်းများမှတစ်ဆင့် ငွေကြေးလိမ်လည်မှုတားဆီးရေး အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရွှေက မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများတွင် Online လိမ်လည်မှုများ ဖြစ်ပေါ်လျက် ရှိမှုအခြေအနေ၊ တိုင်ကြားမှုများအပေါ် စိစစ်ဖော်ထုတ်အရေးယူဆောင်ရွက်မှု အခြေအနေ၊ Online လိမ်လည်မှုများ ဖြစ်ပွားနိုင်သည့်အခြေအနေ၊ Online လိမ်လည်မှုများ မခံရစေရေး လိုက်နာသင့်သည့်အချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာ ကြသော ဝန်ထမ်းများက သိရှိလိုသည်များမေးမြန်းခြင်း၊ မိမိတို့၏ အတွေ့အကြုံများကို မျှဝေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်