နေပြည်တော်    အောက်တိုဘာ   ၆

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အိန္ဒိယနိုင်ငံ၊ Hindustan Machine Tools (HMT) International Ltd. ၏ General Manager ဖြစ်သူ Mr. Y.K. Vaish ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံအစိုးရ၏ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် စက်မှုသင်တန်း ကျောင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အောင်မြင်စွာဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ စက်မှုသင်တန်းကျောင်း(မုံရွာ)နှင့် စက်မှုသင်တန်းကျောင်း(သထုံ) အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး၊ စက်မှုသင်တန်းကျောင်းများရှိ ဆရာ၊ ဆရာမများအတွက် နည်းပညာဆိုင်ရာ နည်းပြသင်တန်း များပံ့ပိုးပေးနိုင်ရေး၊ (နေပြည်တော်)၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် သံမဏိထုတ်လုပ်မှု၊ ရော်ဘာစီးပွားဖြစ် ထုတ်လုပ်မှုဆိုင်ရာသင်တန်းများ၊ မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းရေးဆိုင်ရာ နည်းပညာသင်တန်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများအတွက် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် စွမ်းရည်မြှင့်တင်မှုဆိုင်ရာ သင်တန်းများ ပို့ချနိုင်ရေးကိစ္စရပ်များ၊ စက်ပစ္စည်းကိုင်တွယ်ထိန်းသိမ်းမှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးနိုင်ရေး၊ အိန္ဒိယနိုင်ငံသို့ ပညာတော်သင်များ စေလွှတ်ပေးနိုင်ရေးနှင့် လိုအပ်သည့်ကူညီမှုများ ဆက်လက်ပံ့ပိုးပေးနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

HMT (International) Ltd.  သည် အိန္ဒိယနိုင်ငံအကြီးစား စက်မှုလုပ်ငန်းဆိုင်ရာဝန်ကြီးဌာန အောက်ရှိ အဖွဲ့အစည်းဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံအကြား ချစ်ကြည်ရေးအထိမ်းအမှတ် အဖြစ် အကူအညီ (Grant Aid)ပေးရေး နားလည်မှုစာချွန်လွှာအောက်တွင် မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအစီအစဉ်များကို  အကောင် အထည်ဖော်ဆောင်ရွက်ရန် အဆိုပါ အဖွဲ့အစည်းကို  အိန္ဒိယနိုင်ငံအစိုးရမှ တာဝန်ပေးအပ်ထားခြင်း ဖြစ်သည်။ 

 

အဆိုပါ တွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)