နေပြည်တော်၊ မတ် ၂

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ အမှတ် (၂) စက်မှုသင်တန်းကျောင်းသို့ ရောက်ရှိစစ်ဆေးသည်။

 

ဉီးစွာအစည်းအဝေးခန်းမ၌ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စက်မှုကျွမ်းကျင်သင်တန်းများ ဖွင့်လှစ်ခဲ့မှု၊ သင်တန်းကျောင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ သင်တန်းဖွင့်လှစ်ရန် စီမံထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်မှုကျွမ်းကျင်သင်တန်းများအား နိုင်ငံတော်မှ ချမှတ်ထားသည့် မှုဝါဒများနှင့်အညီ ဖွင့်လှစ်ရန်၊ သင်တန်းကျောင်းအနေဖြင့် ဒေသ၌ဆောင်ရွက်နေသည့် စက်မှုလုပ်ငန်းများနှင့် ကိုက်ညီသည့်ဘာသာရပ်များကို လေ့ကျင့်သင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ သင်တန်းကျောင်းမှ လေ့ကျင့်သင်ကြား မွေးထုတ်ခဲ့သော သင်တန်းသားများသည် နိုင်ငံပိုင်စက်ရုံ/ အလုပ်ရုံများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် MSME များတွင် ဝင်ရောက် တာဝန်ထမ်းဆောင်ကြမည်ဖြစ်၍ အမှန်တကယ် တတ်မြောက်ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်သင်ကြားပေးရန်၊ လေ့ကျင့်သင်ကြားပေးနေသည့် ဘာသာရပ်အသီးသီး၏ သင်ရိုးညွှန်းတမ်းများကို ပြန်လည်သုံးသပ်၍ ခေတ်နှင့်လျော်ညီမှုရှိအောင် ပြင်ဆင်ရေးဆွဲရန်၊ ကုန်ထုတ်လုပ်မှု ဆောင်ရွက်သည့် လုပ်ငန်းများတွင် ကုန်ချောများ အရည်အသွေး ကောင်းမွန်ရေး စက်များကို ကိုင်တွယ်မောင်းနှင်သူများ၏ ကျွမ်းကျင်မှုသည်အရေးပါသဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးရန်၊ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်နေသဖြင့် အဆိုပါ စက်မှုလုပ်ငန်းများအတွက် လိုအပ်သော လူစွမ်းအားအရင်းအမြစ်များကို လေ့ကျင့်သင်ကြားမွေးထုတ်ပေးနိုင်ရေး စီမံ ဆောင်ရွက်ရန်၊ နိုင်ငံတော်၏ စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်သည့် စက်မှုလက်မှုကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွေးထုတ်နိုင်ရေးကို အလေးထား ဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်မှုကျွမ်းကျင် (၁) နှစ်သင်တန်းဖွင့်လှစ်ရန် စာသင်ခန်းမများ ပြင်ဆင်ထားရှိမှု နှင့် သင်ထောက်ကူ စက်ပစ္စည်းကိရိယာများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်