နေပြည်တော်၊ဒီဇင်ဘာ၂၄

 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့၊ ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ အမှတ်(၅)စက်မှုသင်တန်းကျောင်း (မကွေး) သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။  

          

ဉီးစွာကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ လေ့ကျင့်သင်ကြားနေမှုစနစ် တို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်မှုသင်တန်းကျောင်းများအနေဖြင့် ကျွမ်းကျင်လုပ်သားများကို ပိုမိုလေ့ကျင့် မွေးထုတ်ပေးနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသနှင့် နိုင်ငံတော်အတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် သင်ရိုးညွှန်တမ်းများ၊ လေ့ကျင့်သင်ကြားရေး စနစ်တို့ကိုလည်း အမြဲတမ်းသုံးသပ်၍ အဆင့်မြှင့်တင်နေရမည်ဖြစ်ကြောင်း၊ ဆရာ/ဆရာမများ အနေဖြင့် သင်တန်းသား/သူများအား လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ် ပြန်လည်အသုံးချနိုင်သည်အထိ လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း မှာကြားပြီး ဆရာ/ဆရာမ များနှင့် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

 

ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီပွားရေးလုပ်ငန်းရှင်များ တက်ရောက်သည်။

 

mdn

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက‌ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိက စက်မှုလုပ်ငန်းရှင်များမှ တိုင်းဒေသကြီးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်၍ ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်များတွင် ပါဝင်ခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းစီ၏ အကျိုးစီးပွားတိုးတက်လာမည်ဖြစ်ပြီး တိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီး‌ပေးနိုင်မှု၊ ဒေသထွက်ကုန်များ ဈေးကွက်ပိုမိုထိုးဖောက်နိုင်မှုတို့အပြင်  နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ပြီး ဆင်းရဲနွမ်းပါးမှုကိုပါ လျှော့ချနိုင်သည်အထိ အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် ဆန်စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းစသော သီးနှံ အများအပြား ထွက်ရှိရာ ဒေသကြီးဖြစ်သည့်အတွက် အဆိုပါ ကုန်ကြမ်းများကို အခြေခံပြီး ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများ အဆင့်မြင့်မားလာရေး၊ ဖွံ့ဖြိုးတိုးတက်လာရေး ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရေး တို့သည် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြမှသာ  လိုအပ်ချက်များ၊ အခက်အခဲများကို သိရှိပြီး ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်းပြောကြားသည်။

 

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီပွားရေးလုပ်ငန်းရှင်များက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်စဉ် တွေ့ကြုံနေ့ရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က ပြန်လည် ရှင်းလင်း ဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ ခင်းကျင်းပြသထားသည့် MSME ထုတ်ကုန်များ ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့သည် မကွေးစက်မှုဇုန် တည်ထောင်မည့် မြေနေရာသို့ရောက်ရှိပြီး တာဝန်ရှိသူများက လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်