နေပြည်တော်၊ ဩဂုတ် ၁၄

 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သံယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်နှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိရာ အစည်းအဝေး ခန်းမ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံတို့ကို ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက Phase-1 လည်ပတ်နိုင်ရေးနှင့် ဝယ်ယူပြီး စက်ပစ္စည်းများ အမိုးအကာအောက် ရောက်ရှိရေးအတွက် ခွင့်ပြုဘဏ္ဍာငွေ အသုံးစရိတ်များကို အကျိုးရှိ ထိရောက်စွာ သုံးစွဲကြရန်၊ ပြန်လည်ဖြည့်ဆည်းပေးရမည့် ကျွမ်းကျင်မှုအဆင့်အလိုက် ဝန်ထမ်း လိုအပ်ချက်များကိုလည်း အချိန်မီရရှိရေး ကြိုပမ်းဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းများအား စီးပွားရေးဆိုင်ရာ စီမံချက်များ ရေးဆွဲဆောင်ရွက်ရန်နှင့် စီမံချက်ပါအတိုင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ ထုတ်ကုန်များနှင့်ပတ်သက်၍ ဈေးကွက်သုတေသနလုပ်ငန်းများကို အမြဲမပြတ် လေ့လာ ဆောင်ရွက်ထားရန်၊ မိမိထုတ်ကုန်ပစ္စည်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ကြရန်၊ ပြည်ပမှ တင်သွင်းလျက်ရှိသည့် သံ၊ သံမဏိများနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ရေး ကြိုတင်စီမံတွက်ချက်ထားရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော ကုန်ကြမ်းများကိုလည်း ကြိုတင်စုဆောင်းထားရန်၊ နိုင်ငံတော်၏ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရေးနှင့် စီးပွားဖြစ် ထုတ်လုပ်နိုင်ရေးအတွက် တာဝန်ရှိသူ အင်ဂျင်နီယာများအနေဖြင့် အင်ဂျင်နီယာစီးပွားရေးနှင့် စက်မှုလုပ်ငန်းစီးပွားရေး ဥပဒေသများအပေါ် အခြေခံသော စီးပွားရေး တွက်ခြေကိုက်စွာ ထုတ်လုပ်မှု အစီအမံများ ချမှတ်ဆောင်ရွက်ကြရန်နှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပီသစွာဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သော ဝန်ထမ်းများအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ တာဝန်ထမ်းဆောင်ကြရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝယ်ယူပြီး စက်ပစ္စည်းများ အမိုးအကာအောက် သိုလှောင်  ထားရှိနိုင်ရေးအတွက် တည်ဆောက်လျက်ရှိသည့် Cold Mill Complex နှင့် စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn