နေပြည်တော်၊ ဧပြီ ၁၉
    
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဧပြီ (၁၈) ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှုဇုန်ရှိ အမှတ်(၃) စက်မှုသင်တန်းကျောင်း (သာဂရ) အစည်းအဝေးခန်းမ၌ သင်တန်းကျောင်းများမှ နည်းပြ ဆရာ/ဆရာမများနှင့် တွေ့ဆုံသည်။ 
    
တွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာနရှိ ဆင်တဲ၊ မန္တလေး၊ ပခုက္ကူ၊ မကွေး၊ မြင်းခြံ၊ မုံရွာ၊ သထုံမြို့တို့ရှိ စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် နည်းပြဆရာ/ ဆရာမ များက Virtual စနစ်ဖြင့် တက်ရောက်သည်။ 
    
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းများအနေဖြင့် သမားရိုးကျပညာရေး စနစ်မှသည် လုပ်ငန်းကျွမ်းကျင်မှုအခြေပြုသည့် ပညာရေးနှင့် လေ့ကျင့်ရေးစနစ်ဖြစ်ရန် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆရာဗဟိုပြုပညာရေးစနစ်မှသည် ကျောင်းသားဗဟိုပြု ပညာရေးစနစ်ဖြစ်ရန် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဆက်တည်း သင်တန်းသား/ သင်တန်းသူများကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုသည့် အခြေခံစိတ်ဓာတ်များရှိရန်နှင့် အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက် တတ်ပြီး စည်းကမ်းလိုက်နာသည့် အလေ့အကျင့်ကောင်းများရှိအောင် ပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ နည်းပြဆရာ/ဆရာမများအနေဖြင့်လည်း မိမိတို့ နှင့်သက်ဆိုင်သည့် ဘာသာရပ်အသီးသီးကို ကျွမ်းကျင်မှုရှိအောင် အမြဲမပြတ် လေ့လာသင်ယူ နေရမည့်အပြင် သင်တန်းသား/သင်တန်းသူများ၏ စံပြဖြစ်အောင်ပြုမူ နေထိုင်သွားကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ မြေပေါ်မြေအောက် သယံဇာတများကို အရည်အချင်းရှိသည့် လူသားအရင်းအမြစ်များဖြင့် အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး ဦးတည်လေ့ကျင့် သင်ကြားပေးရမည်ဖြစ်ကြောင်း။
     
မိမိတို့နိုင်ငံတွင် ကျောင်းနေသူရာခိုင်နှုန်းနှင့် ပညာ တတ်မြောက်သည့် ရာခိုင်နှုန်း နည်းပါးလျက်ရှိသဖြင့် အသက်မွေးဝမ်းကျောင်းပညာရေးကို ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးခြင်းဖြင့် နိုင်ငံအကျိုး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် တစ်ဖက် တစ်လမ်းမှ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသား များအား သင်တန်းပြီးဆုံးချိန်တွင် တတ်မြောက်ထားသော အတတ်ပညာများဖြင့် စက်မှုလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ခြင်း ဆောင်ရွက်နိုင်သည်အထိ ကျွမ်းကျင် တတ်မြောက်အောင် အထူးအလေးထား၍ ရလဒ် အခြေပြု ပညာရေးစနစ်ဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နည်းပြဆရာ/ ဆရာမများ အနေဖြင့် နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်အခါသမယမှ စ၍ နိုင်ငံ၏အကျိုး၊ ဝန်ကြီးဌာန၏ အကျိုးများကို ကျေပွန်အောင် ထမ်းဆောင်နိုင်ပါစေ ကြောင်းနှင့် ကပ်ရောဂါအန္တရာယ်မှ ကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
    
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်မှုဝန်ကြီးဌာနရှိ သင်တန်းကျောင်းများမှ နည်းပြဆရာ/ဆရာမများအား လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုရှိရန် ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်အဆင့်ဆင့်တို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး နည်းပြဆရာ/ဆရာမများ၏ တင်ပြ မေးမြန်းချက်များအပေါ် တစ်ခုချင်းစီအလိုက်ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)