နေပြည်တော် ဖေဖော်ဝါရီ ၁၇
စက်မှုဝန်ထမ်းဟောင်းများ၏ ဒဿမအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီ အစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော် မြတ်ကြီး၏ အရှေ့ဘက်မုဒ်ရှိ စက်မှုဓမ္မာရုံ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုဝန်ထမ်းဟောင်းများအသင်း နာယက၊ ဥက္ကဋ္ဌ၊ အမှု ဆောင်များနှင့် အသင်းဝင် ဝန်ထမ်းဟောင်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ထမ်းဟောင်းများအနေဖြင့် ကျန်းမာရေး ကောင်းမွန်နေပါက လက်ရှိတာဝန်ထမ်းဆောင်နေသည့် တပည့်များ၏ လိုအပ်ချက်များ ကို ကာယအား၊ ဉာဏအားဖြင့်တတ်စွမ်းသ၍ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ အပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်မှ ထုတ်ပြန်ပြဋ္ဌာန်းထားသည့် ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ဝယ်ယူရေးကိစ္စ၊ တည်ဆောက်ရေးကိစ္စ၊ ဝန်ဆောင် မှုကိစ္စရပ်များဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်ချင်းအနေဖြင့် လည်းကောင်း၊ အဖွဲ့အ စည်းအလိုက်ဖြင့်လည်းကောင်း တတိယအဖွဲ့အစည်းများ မဖြစ်မနေလိုအပ်ကြောင်း၊ ထို့ ကြောင့် ဝန်ထမ်းဟောင်းများအသင်းတွင် နယ်ပယ်စုံမှ ပညာရှင်များစွာရှိ၍ ဘာသာရပ် အလိုက် ကျွမ်းကျင်ပညာရှင်အဖွဲ့များ ဖွဲ့စည်းထားရှိစေလိုကြောင်း၊ ဝန်ထမ်းဟောင်းများ အနေဖြင့် စက်မှုဝန်ကြီးဌာန ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အကြံပြုချက်များ ပေးကြရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စက်မှုဝန်ထမ်းဟောင်းများအသင်း နာယကနှင့် ဥက္ကဋ္ဌတို့က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားကြပြီး အတွင်းရေးမှူးက ၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစီရင်ခံ စာနှင့် ငွေစာရင်းရှင်းတမ်းများကို ရှင်းလင်းဖတ်ကြား၍ အတည်ပြုချက်ရယူခြင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် အမှုဆောင်အသင်းရွေးချယ်ခြင်းနှင့် တာဝန်ပေးအပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သည်။
ထို့နောက် အသင်းဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြား၍ စက်မှုဝန်ထမ်းဟောင်းများအသင်း၏ ဒဿမအကြိမ်အသင်းသားစုံညီ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်