နေပြည်တော်၊ ဒီဇင်ဘာ ၁၇

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး‌ဒေါက်တာချာလီသန်းသည် ယနေ့ညနေပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အေးသာယာရှိ တောင်ကြီးခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး ကယားပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဝန်ထမ်းများပီပီ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ တတ်မြောက်ထားသည့် ပညာရပ်များဖြင့် ပြည်သူကို အပြည့်အဝအလုပ်ကျွေးပြုရမည်ဖြစ်ပြီး နိုင်ငံတော်နှင့် ဝန်ကြီးဌာနမှ ပေးအပ်သည့်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် တစ်ဦးချင်း၏ စွမ်းဆောင်ရည်တိုးတက်စေရန် လေ့လာသင်ယူမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ဆပ်ပြာ နှင့် ထောက်ပံ့ငွေကျပ် (၃,၆၅၀,၀၀၀) ကို ထောက်ပံ့ပေးအပ်ပြီး တင်ပြချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

သတင်းစဉ်