နေပြည်တော်၊ ဇွန် ၁၆
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိ စစ်ဆေးရာ ခရိုင်ဦးစီးဌာနမှူးက ဌာနမှ MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မိတ္ထီလာစက်မှုဇုန်၏ လက်ရှိအခြေအနေကို စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်နိုင်ရေးအတွက် အချက်အလက်များကို ပြုစုတင်ပြရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခရိုင်ဦးစီးဌာနမှူးအနေဖြင့် အဓိကတာဝန်ယူဆောင်ရွက်ရမည်ဖြစ်၍ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာတမ်းများကို ဖတ်ရှုလေ့လာ မှတ်သား၍ အချင်းချင်း ပြန်လည်ဆွေးနွေးခြင်းဖြင့်လည်းကောင်း၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းရှင်များ နှင့် ဆွေးနွေးတိုင်ပင်ခြင်းဖြင့်လည်းကောင်း လေ့လာတွေ့ရှိချက်များကို တင်ပြဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိတ္ထီလာဒေသရှိ စက်မှုလုပ်ငန်းများ၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုထက် ပိုမိုကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာစက်မှုဇုန်သို့ သွားရောက်၍ ဦးဇော်ဦး ဝါကြိတ်စက်နှင့် ဝါစေ့ဆီလုပ်ငန်း၊ ဟိန်းထက်ဇော် စက်ရက်ကန်းနှင့် အထည်ချုပ်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဝါအခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးရမည့် အချက်များကို အကြံပြုဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၇) အထည်စက်ရုံခွဲ (ဝမ်းတွင်း) သို့ ရောက်ရှိစစ်ဆေးပြီး အထည်များရက်လုပ်ရာတွင် သုံးစွဲသူများ စိတ်ဝင်စားပြီး ဆွဲဆောင်မှုရှိမည့် အဆင်ဒီဇိုင်းများဖြစ်အောင် ဆောင်ရွက်ရန်၊ ဈေးကွက်ရရှိမှသာ ရေရှည် ရပ်တည်လည်ပတ်နိုင်မည်ဖြစ်၍ ဈေးကွက်သုတေသန လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ ပြည်တွင်းဝတ်ဆင်ရေးကဏ္ဍ ဖူလုံစေရေးအတွက် ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော စက်အရန်ပစ္စည်းများကို ကြိုတင်ဝယ်ယူထားရန်၊ စက်ရုံအနေဖြင့် ပြည်ပသွင်းကုန် အစားထိုးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်၍ လုပ်ငန်းတာဝန်များကို ကြိုးစားဆောင်ရွက်ကြရန် မှာကြားပြီး စက်ရုံအတွင်း အထည်များ ရက်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝမ်းတွင်းမြို့ရှိ မြသဇင်ချည်ချောလုံချည်လုပ်ငန်း၏ ဆိုလာစနစ် အသုံးပြု၍ ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နေမှု၊ နန်းထိုက်တော်ဝင် အထည်စက်ရုံနှင့် မင်းရန်နိုင်ဝါကြိတ်စက်တို့တွင် အထည်များရက်လုပ်နေမှု၊ ဝါများကြိတ်ခွဲနေမှု လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်အားပေးကြည့်ရှုစစ်ဆေး၍ လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


