နေပြည်တော်၊ ဇူလိုင် ၂၄

 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ရှိ အမှတ် (၈) အထည်စက်ရုံခွဲ (ရမည်းသင်း) သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ အထွေထွေ မန်နေဂျာများနှင့် စက်ရုံမှူးတို့က စက်ရုံလည်ပတ် အကောင်အထည်ဖော်မှု၊ ဆက်စပ်ဝန်ကြီး ဌာနများမှ အမှာစာပေးပို့ထားမှုအရ ဆောင်ရွက်ပေးနေမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေး တိုးတက်ကောင်းမွန်စေရေးအတွက် ကုန်ထုတ်လုပ်မှုအဆင့်တိုင်း၌ အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်းများကို အလေးထား ကြပ်မတ်ဆောင်ရွက်ရန်၊ စက်ရုံအနေဖြင့် သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နေခြင်းဖြစ်၍ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် ကျွမ်းကျင်တတ်မြောက်ထားသည့် ပညာရပ်များ တိုးတက်မြင့်မားလာစေရေးအတွက် အစဉ်အမြဲ ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် အမှတ် (၈) အထည်စက်ရုံ (ပျော်ဘွယ်) သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူတို့က လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်ရုံများအနေဖြင့် စက်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းကို ပေါင်းစပ်ဆောင်ရွက်နေရခြင်း ဖြစ်၍ စနစ်တကျလေ့လာပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ တစ်ယူနစ် ထုတ်လုပ်မှုကုန်ကျစရိတ် လျော့နည်းသက်သာရေးနှင့် အရည်အသွေးမီ ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံများအနေဖြင့် လုပ်ငန်းလည်ပတ် အကောင်အထည်ဖော်ရာတွင် Business Plan များ ရေးဆွဲဆောင်ရွက်ရန်၊ နိုင်ငံအတွင်း၌ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လျှင် သွင်းကုန်အစားထိုးနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲရမှု သက်သာသဖြင့် အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရန်၊ စက်ရုံရေရှည်ရပ်တည် လည်ပတ်နိုင်ရေးအတွက် ဝန်ထမ်းအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားပြီး ချည်များထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ချည်မျှင်ဓာတ်ခွဲခန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်