နေပြည်တော် အောက်တိုဘာ ၁၃
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပညာတော်သင်သွားရောက်မည့် စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး) မှ နည်းပြဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
ပြန်လည်လေ့ကျင့်သင်ကြား
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ပြည်တွင်းထုတ်ကုန်များအား အရည်အသွေးပြည့်မီအောင် ထုတ်လုပ်ရန်၊ သွင်းကုန်အစားထိုး လုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးကူညီဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ဈေးကွက်မရရှိလျှင် စီးပွား ရေးလုပ်ငန်းများသည် ရေရှည်ရပ်တည်ရန် ခက်ခဲမည်ဖြစ်ကြောင်း ထုတ်လုပ်သည့်ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်ရန် အတွက် စက်ပစ္စည်းများကို ကိုင်တွယ်မောင်းနှင်သည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ မြင့်မား တိုးတက်နေရန် လိုအပ်သဖြင့် စက်မှုကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနေသည့် နည်းပြဆရာ ဆရာမများ၏ အသိပညာ၊ အတတ်ပညာနှင့် ဗဟုသုတများ မြှင့်တင်ပေးရန်အတွက် ယခုကဲ့သို့ ပညာတော်သင် စေလွှတ်ခြင်းဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြားပို့ချပေးသည့် ဘာသာရပ်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အပတ် တကုတ် လေ့လာကြိုးစားသင်ယူပြီး ပြန်လည်ရောက်ရှိပါက သင်ကြားခဲ့သည့် ဘာသာရပ်များကို ဆင့်ပွားသင်တန်း များပြုလုပ်၍ ပြန်လည်လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း မှာကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
သင်တန်း၌ ဘာသာရပ်တစ်ခု လျှင် နည်းပြသုံးဦးစီဖြင့် စုစုပေါင်း ဘာသာရပ်ခြောက်မျိုးဖြစ်သည့် Mechine Tool Operator ၊ CNC Operator ၊ Welder ၊ Electrician ၊ Automobile and Tractor Mechanics နှင့် Air Conditioning and Refrigerator တို့အတွက် စုစုပေါင်းနည်းပြ ၁၈ ဦးက ဘာသာရပ်အလိုက် စာတွေ့ လက်တွေ့ သင်ခန်းစာများ ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျုံကျန်း အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာကောလိပ်၌ ၂၀၂၃ ခုနစ် အောက်တိုဘာ ၁၅ ရက်မှ ၂၀၂၄ ခုနစ် ဇန်နဝါရီ ၁၄ ရက်အထိ သုံးလကြာ လေ့ကျင့်သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်