နေပြည်တော် နိုဝင်ဘာ ၂၂

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် ယနေ့မွန်းလွဲပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်အတူ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေး သည်။

ဉီးစွာ တာဝန်ရှိသူများနှင့် ဦးစီးဌာနမှူးတို့က လျှပ်စစ်၊ ဘွိုင်လာ၊ စက်မှုလုပ်ငန်းများ စစ်ဆေးကြပ်မတ်ဆောင်ရွက်နေမှု ၊ စက်မှုမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးနေမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု၊ MSME ချေးငွေထုတ်ချေးပေးမှုနှင့် MSME Member Card များ ထုတ်ပေးနေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသည် ပြဋ္ဌာန်းထားသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေ၊ ဘွိုင်လာဥပဒေ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ စက်မှုဥပဒေ၊ လျှပ်စစ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး၊ စက်မှုဇုန်များ စနစ်တ ကျ ရှိစေရေး၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို စနစ်တကျ အားသွန်ခွန်စိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု ထွက်ရှိစေရေးအတွက် လုပ်ငန်းရှင်များလိုအပ်သည့် အကြံဉာဏ်များနှင့် အခြားလိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးသွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် စက်မှုကဏ္ဍနှင့်ပတ်သက်သည့် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ ကို သိရှိအောင်လေ့လာသွားရန်နှင့် မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များဖြင့် ပြည်သူကို အလုပ်အကျွေးပြု၍ ပြည်သူမှယုံကြည်ကိုးစားသည့် ဝန်ထမ်းများဖြစ်စေ ရေးအတွက် တစ်ဦးချင်း အရည်အသွေး၊ အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများဖြစ်အောင် လေ့လာသင်ယူသွားကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားခရိုင်နှင့် ဥတ္တရခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးများသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ကြိုးစား ဆောင်ရွက်ကြရန်နှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်ကြရန် မှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်