နေပြည်တော် ဇူလိုင် ၄

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇူလိုင် (၂) ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အေးသာယာစက်မှုဇုန်ရှိ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့သို့ ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ညွှန်ကြားရေးမှူးချုပ် က ရှမ်းပြည်နယ်အတွင်းရှိ စက်မှုဇုန်များ အခြေအနေ၊ စက်မှုမှတ်ပုံတင် ပြုလုပ်ပေးနေမှု၊ ဘွိုင်လာနှင့် လျှပ်စစ်အသုံးပြုလုပ်ငန်းများ စစ်ဆေးပေးမှု၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးနေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်မှုဇုန်များ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီ ပံ့ပိုးပေးနိုင်ရေးဆောင်ရွက်ရန်၊ စက်မှုလက်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ဦးဆောင်မှုပေးနိုင်သည့် ကဏ္ဍမှ ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဘွိုင်လာဥပဒေနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်အောင်ဆောင်ရွက်ရန်၊ စက်မှုဇုန်အလိုက် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ပြုစုသုံးသပ်ရန်၊ စက်မှုလက်မှု လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်း တိုးတက်ဆောင်ရွက်နေသည့် အခြေအနေများကို ပြုစုထားရန်နှင့် (၃) လတစ်ကြိမ် စောင့်ကြည့် သုံးသပ်သွားရန်မှာကြားသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် တာဝန်ရှိသူများက Waste Heat Boiler နှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ မေးမြန်း တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားသည်။

 

ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးအား ခေတ္တစက်ရုံမှူးနှင့် တာဝန်ရှိသူများက စက်ရုံပြန်လည် လည်ပတ်နိုင်ရေး စက်ပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက စက်ပစ္စည်းများ စစ်ဆေးပြုပြင်သည့် လုပ်ငန်းများကို အချိန်ဇယားနှင့်အညီ ဆောင်ရွက်ရန်နှင့် အရည်အသွေး ပြည့်ဝစွာ ပြီးမြောက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သည် သံနှင့်သံမဏိများ ထုတ်လုပ်ရန် အဓိကကျသောသံစိမ်းများကို ထုတ်လုပ်မည်ဖြစ်၍ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရန်၊ သံနှင့် သံမဏိပစ္စည်းများ၏ ဓာတုနှင့်ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိတို့ တိုင်းတာသည့် စက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းရန်၊ ရေးဆွဲနေသည့် Waste Heat Boiler အစိတ်အပိုင်း၏ ဒီဇိုင်းနှင့်ပတ်သက်သည့် ပုံစံတူဒီဇိုင်းများနှင့် အသေးစိတ်ရုပ်ပုံကားချပ်များကို စနစ်တကျ သိမ်းဆည်းထားရန်၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ ရေးဆွဲဆောင်ရွက်ရန်နှင့် သံစိမ်းထုတ်လုပ်သည့် နည်းပညာများနှင့် စက်ထိန်းချုပ်ခံစနစ်များအား လက်ဆင့်ကမ်း ပေးနိုင်ရေးအတွက် သင်တန်းများဖွင့်လှစ်ရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Romelt Shop, Waste Heat Boiler, 2 Lift Pump House, Ore Preparation Unit, Air Separation Unit အတွင်းရှိ စက်ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများ စစ်ဆေးပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn