နေပြည်တော် ဩဂုတ် ၂၈
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၂၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါး စက်ရုံ (အင်းစိန်) သို့ ရောက်ရှိစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက စက်ရုံအနေဖြင့် ပြည်သူလူထုအတွက် လိုအပ်သော အခြေခံဆေးဝါးများ ထုတ်လုပ်နေခြင်းဖြစ်၍ လုပ်ငန်းတာဝန်များကို အလေးအနက်ထား ဆောင်ရွက်ရန်၊ ဝန်ကြီးဌာနများ၏ အမှာစာများကို အချိန်မီ ထုတ်လုပ်ပေးပို့နိုင်ရေး အလေးထားဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှု ဆောင်ရွက်နေသည့် ဝန်ထမ်းများ၏ အရည်အသွေးနှင့် အသိပညာများ တိုးတက်မြင့်မားရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပေးရန်၊ ရှိပြီးနည်းပညာများ တိမ်ကောပျောက်ပျက်မှု မရှိစေရေး လက်ဆင့်ကမ်း လေ့ကျင့်သင်ကြားပေးရန်နှင့် မျိုးဆက်သစ်ပညာရှင်များ၊ နည်းပညာရှင်များ၊ ကျွမ်းကျင်သူများ မွေးထုတ်ရေး စီမံဆောင်ရွက်ရန် မှာကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အမှတ် (၂၄) အကြီးစားစက်ရုံ (ဒဂုံ)သို့ ရောက်ရှိပြီး စက်ရုံ၌ရှိပြီး အရင်းအမြစ်များအား အကျိုးရှိစွာ အသုံးချနိုင်ရေး စီမံဆောင်ရွက်ရန်၊ မြေ၊ အဆောက်အဦ၊ စက်နှင့် စက်ပစ္စည်း စသည့် ပုံသေပိုင်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ထားရန်မှာကြားပြီး စက်ရုံအတွင်း ကြည့်ရှုစစ်ဆေးသည်။

ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သင်္ဃန်းကျွန်း မြို့နယ်ရှိ ရာဘာပစ္စည်း စက်ရုံခွဲ (သင်္ဃန်းကျွန်း) သို့ ရောက်ရှိပြီး စက်မှုလုပ်ငန်းများအတွက် ရာဘာထုတ်ကုန် ပစ္စည်းများသည် မရှိမဖြစ် လိုအပ်သဖြင့် ထုတ်ကုန်အမယ်သစ်များ ထုတ်လုပ်နိုင်ရေးကြိုးစား ဆောင်ရွက်ရန်၊ ရာဘာပစ္စည်း ထုတ်လုပ်မှု ခေတ်မီနည်းပညာများ ရရှိရေး လေ့လာသင်ယူသွားရန်၊ စက်ရုံမှ ရာဘာပစ္စည်းထုတ်ကုန်များ တိုးမြှင့် ထုတ်လုပ်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန် မှာကြားပြီး စက်ရုံအတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ မှာယူထားသည့် ရာဘာ Fender များ ထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် စက်ရုံမှထုတ်လုပ်သည့် ရာဘာထုတ်ကုန် ပစ္စည်းများကို ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) သို့ ရောက်ရှိပြီး စက်ရုံသမိုင်းပြခန်း ပြုလုပ်နိုင်ရေးစီစဉ်ဆောင်ရွက်နေမှု အခြေအနေ၊ ယခင်က ဆေးဝါး ထုတ်လုပ်ခဲ့သည့် စက်ပစ္စည်းများ ခင်းကျင်းထားမှုနှင့် ဆေးဗူးခွံများ ထုတ်လုပ်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်