နေပြည်တော်၊ နိုဝင်ဘာ ၁၂

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ တောင်ငူခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ခရိုင်ဦးစီးဌာနမှူးက လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ စက်မှုမှတ်ပုံတင်များ ထုတ်ပေးထားရှိမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏  လမ်းညွှန်ချက်များကို ထပ်ဆင့်ပြန်လည် ရှင်းလင်းဆွေးနွေးသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ အသားတင်ကုန်ထုတ်လုပ်မှု တန်ဖိုး (GDP) တွင် စိုက်ပျိုးရေး၊ စက်မှု၊ ဝန်ဆောင်မှုကဏ္ဍဟူ၍ အစဉ်လိုက် ရပ်တည် လျက်ရှိကြောင်း၊ ထို့ကြောင့် အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုးတွင် စက်မှုကဏ္ဍ၏ ထုတ်လုပ်မှုတန်ဖိုးများကို သိရှိမှသာ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ချမှတ်ထားသည့် မဟာဗျူဟာများကိုလည်း အမြဲမပြတ် ပြန်လည်သုံးသပ် နေရမည်ဖြစ်ကြောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသည် စက်မှုကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရေး၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေး စသည့်လုပ်ငန်းစဉ်များကို အဓိကထား၍ ဆောင်ရွက်လျက်ရှိကြောင်း။

ထို့ကြောင့် ပြည်သူများ ယုံကြည်အားထားရသည့် ဌာနတစ်ခုဖြစ်စေရေးအတွက် ဝန်ထမ်းတစ်ဦးချင်း အနေဖြင့် တန်ဖိုးရှိပြီး စွမ်းဆောင်ရည်များ ကောင်းမွန်စေရေးအတွက် လေ့လာသင်ယူ ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ အရည်အသွေး တိုးတက်ကောင်းမွန်ပါက ဌာနအဖွဲ့အစည်း သည်လည်း တိုးတက်နေမည်ဖြစ်ကြောင်း၊ ဌာန၏ လုပ်ငန်းတာဝန်များ ပြီးမြောက် အောင်မြင်စေရေးအတွက် ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဝန်ထမ်းတစ်ဦးချင်း တန်ဖိုးများ မြင့်မားလာစေရေးအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူနေရမည်ဖြစ်ကြောင်း ပြောကြားပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်