မန္တလေး ဇန်နဝါရီ ၃၁
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ဇန်နဝါရီ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သည့် စတုတ္ထအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် ရုရှားနိုင်ငံတကာဖိုရမ်နှင့် ကုန်စည်ပြပွဲများသို့ တက်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုဆီရက်စ်ခ်မြို့မှတစ်ဆင့် မြန်မာ့လေကြောင်းခရီးစဉ် (MAI) ဖြင့် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် စီးပွားရေးအသင်းအဖွဲ့များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ ပြန်လည်လိုက်လာခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း စတုတ္ထအကြိမ် ရုရှား-မြန်မာ အစိုးရ အချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေး၊ ဆက်စပ်အစည်း အဝေးများနှင့် ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ပုဂ္ဂိုလ်များဆွေးနွေးပွဲ၊ ရုရှားနိုင်ငံတကာဖိုရမ်နှင့် ကုန်စည်ပြပွဲများသို့ တက်ရောက်ခဲ့ပြီး ရုရှားသတင်း အချက်အလက် နည်းပညာကုမ္ပဏီ၊ စွမ်းအင်ကုမ္ပဏီ၊ ဆောက်လုပ်ရေးကုမ္ပဏီနှင့် တိရစ္ဆာန်ဥယျာဉ် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု အလားအလာများ၊ အခွင့်အလမ်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


