နေပြည်တော် ၁၇ စက်တင်ဘာ
ဆီမီယိုအဖွဲ့ဝင်နိုင်ငံများ၊ ဆီမီယိုတွဲဖက်အဖွဲ့ဝင်နိုင်ငံများရှိ အခြေခံပညာ အဆင့်မြင့်အရာရှိကြီးများ၏ (၉)ကြိမ်မြောက် ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် Video Conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ယနေ့ဆွေးနွေးပွဲခေါင်းစဉ်မှာ “ကိုဗစ်-၁၉ ကာလအတွင်း အရှေ့တောင်အာရှတွင် ကျောင်းများပြန်လည်ဖွင့်လှစ်ရေးနှင့် နည်းဗျူဟာရေးဆွဲ ပြန်လည်ထူထောင်ရေး” ဖြစ်သည့်အတွက် အခြေခံပညာကဏ္ဍရှိ အမျိုးမျိုးသောစိန်ခေါ်မှုများ၊ အခက်အခဲများ အပေါ် နိုင်ငံအသီးသီး၏အတွေ့အကြုံများကို ဖလှယ်နိုင်ကြမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ကြီးကြပ်ရေးပူးတွဲအဖွဲ့များကို ဖွဲ့စည်းကာ အကဲဖြတ်အချက် ၈၀ ပါစာရင်းဖြင့် အကဲဖြတ်ပြီး သတ်မှတ်ထားသော A အဆင့်ရရှိ သည့် အထက်တန်းကျောင်း များကို ဖွင့်လှစ်ခွင့်ပြုခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီး ကျောင်း အပါအဝင် အထက်တန်းကျောင်းပေါင်း ၇၁၇၃ ကျောင်းရှိသည့်အနက် A အဆင့်ရရှိ၍ အဆင်သင့်ဖြစ်သည့် ၃၇၇၂ ကျောင်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၁ ရက်နေ့ တွင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များ၏ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပါ ကြောင်း၊ A အဆင့်ရရှိသည့် အထက်တန်းကျောင်းပေါင်း ၆၅၂၆ ကျောင်းအထိ ဖွင့်လှစ်နိုင်ခဲ့ပါ ကြောင်း။
သို့ရာတွင် ကိုဗစ်-၁၉ ဒေသတွင်း ကူးစက်ပြန့်နှံ့မှုကြောင့် ဩဂုတ်လ ၂၇ ရက်နေ့တွင် ကျောင်းများကို ပြန်လည်ပိတ်ခဲ့ရပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏မူဝါဒမှာ မည်သည့်ခွဲခြားမှုမျှ မရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်သူ ပပျောက်ရေးနှင့် သင်ယူမှုမဆုံးရှုံးစေရေး ဖြစ်သည်နှင့်အညီ ကျောင်းသားများ၏ စဉ်ဆက်မပြတ် သင်ယူမှုအခွင့်အလမ်း များကိုပံ့ပိုးရန် နေအိမ်အခြေပြု သင်ယူမှုအတွက် လိုအပ်သောပြင်ဆင်မှုများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အကြိုသန်းခေါင်စာရင်း (၂၀၁၉) အရ အလယ်တန်းနှင့် အထက်တန်းကျောင်းအပ်နှံမှု သိသာစွာမြင့် တက်လာခဲ့ပြီး မူလတန်းကျောင်းထွက်နှုန်းမှာ ၁ % ၏အောက်အထိ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက နယ်စပ်ဒေသများနှင့် ကျေးလက်ဒေသများမှ ကလေးငယ်များ ကျောင်းနေနိုင်ရေး ပံ့ပိုးပေးမှု၊ ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းအားလုံးသို့ ကျောင်းဖွံ့ဖြိုးမှုရန်ပုံငွေများ တိုးမြှင့်ထောက်ပံ့ပေးမှုများ၏ ရလဒ်ပင်ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ စတင်၍ KG+12 သင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ်များအသုံးပြုခဲ့ပြီး အခြေခံပညာ ဆရာ၊ ဆရာမများအတွက် သင်ကြားသင်ယူနည်း သင်တန်းများကို ပို့ချခဲ့ပါကြောင်း၊ ကျောင်းအဆောက်အအုံ၊ သင်ထောက်ကူပစ္စည်း၊ စာကြည့်တိုက်၊ သိပ္ပံခန်း၊ ရေနှင့် အိမ်သာ စသည်တို့ကို ကျောင်းများအား ပံ့ပိုးပေးခဲ့သည့်အပြင် အထက်တန်းကျောင်းအားလုံးသို့ ကွန်ပျူတာများဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ Grade 1, 2, 3 တိုင်းရင်းသားဘာသာစကားများကို ဒေသသင်ရိုးများအဖြစ် သတ်မှတ်၍ သင်ကြားပေးခဲ့ကာ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသား ဒေသခံ ဆရာ၊ ဆရာမများ ပိုမိုခန့်ထားပေးခဲ့ပါကြောင်း။
ဆက်လက်၍ မူလတန်းစာဖတ်စွမ်းရည်နှင့် သင်္ချာစွမ်းရည်အကဲဖြတ်မှုများကို တိုးမြှင့်ဆောင်ရွက်ရန် ရှိပါကြောင်း၊ ၂ နှစ်သင်ပညာရေးကောလိပ်များကို ၄ နှစ်သင်ပညာရေး ဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ပေးလိုက်သဖြင့် ဆရာများ၏ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အလမ်းများ ပိုမိုရရှိလာသကဲ့သို့ မူလတန်းပညာရေးတွင် အရည်အသွေးနှင့် အတွေ့အကြုံရှိသော ဝါရင့်ဆရာများအတွက် အခွင့်အလမ်းများ ပိုမိုအားပေးလာနိုင်မည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် မြန်မာဒီဂျစ်တယ်ပညာရေးအစီအစဉ် (Myanmar Digital Education Platform - MDEP) ကို တည်ဆောက်ကာ အခြေခံ ပညာဆရာများအား Grade 4,7,10 သင်ရိုးသစ် သင်တန်းများ အွန်လိုင်းမှပို့ချခဲ့ပါကြောင်း၊ Industry 4.0 ခေတ်တွင် အာဆီယံဒေသတွင်း နည်းပညာနှင့် အခြေခံအဆောက်အအုံများ ပိုမိုဖြည့်ဆည်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ၂၁ ရာစု စွမ်းရည် Soft Skills များကို အွန်လိုင်းသင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှုများမှတစ်ဆင့် မြှင့်တင်ပေးသွားကြရမည်ဖြစ်ပြီး အလုပ်အကိုင်ကောင်းများ ရရှိရေးအတွက် ပြည်တွင်းပြည်ပ ယှဉ်ပြိုင်နိုင်စွမ်းရှိသော လူငယ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဘဝတစ်သက်တာသင်ယူမှုတွင် High-tech Learning နှင့် High-touch Learning ကိုလည်း အားပေးဆောင်ရွက်သွားသင့်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ထိုင်းနိုင်ငံ ဆီမီယို ရုံးချူပ် SEAMEO Secretariat မှ ညွှန်ကြားရေးမှူး Dr Ethel Agnes P. Valenzuela က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် Keynote Presentations များကို UNESCO Bangkok မှ Dr Libing Wang ၊ UNICEF EAPRO မှ Mr Francisco Benavides နှင့် မြန်မာနိုင်ငံ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းတို့က တင်ပြဆွေးနွေးကြသည်။
ဆက်လက်၍ Panel Discussion ကျင်းပရာ Moderators များအဖြစ် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ပါမောက္ခ ဦးထွန်းအောင်ချိန်နှင့် ဒေါက်တာ ဦးဝင်းအောင်တို့က ဆောင်ရွက်ပြီး ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများက Country Paper များ တင်သွင်းကြ၍ ဩစတြေးလျနှင့် စပိန်နိုင်ငံတို့က Presentation ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


