ရန်ကုန် ၁၉ မေ
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးရှိ ရန်ကုန် အရှေ့ပိုင်းခရိုင်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်တို့မှ ကျောင်းအုပ် ဆရာ ဆရာမများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒိမာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ (၂၅) ရက်မှစ၍ ကျောင်းစတင်ဖွင့်သည့် ဇွန်(၁) ရက်မှ မတ်(၃၁)ရက်အထိ ဆောင်ရွက်မည်ဖြစ်သဖြင့် ဆရာ ဆရာမများအားလုံး၊ ကျောင်းအုပ်ကြီးများ အားလုံးက မိဘ အုပ်ထိန်းသူ ပြည်သူများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ပညာရေးအရည်အသွေးကောင်းမွန်စေရေး ညီညီ ညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကျောင်း အပ်နှံရာတွင် မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကျောင်းအပ်လက်ခံရမည်ဖြစ်ပြီး မည်သည့် ငွေကြေး၊ လက်ဆောင်ပစ္စည်းကိုမျှ လက်ခံခြင်းမပြုလုပ်ရန် အသိပေးပြောကြားလိုကြောင်း။
ပညာရေးအရည်အသွေးရှိပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများကိုကြည့်ပါက စာမေး ပွဲရမှတ်များများရရှိရန် သင်ယူခြင်းမဟုတ်ဘဲ သင်ယူပြီးရင်း တစ်သက်တာ သင်ယူရန် အတွက် နက်နက်နဲနဲသင်ယူခြင်းဖြစ်ပါကြောင်း၊ ဆရာဗဟိုပြုသင်ကြား သင်ယူခြင်း မဟုတ်ဘဲ သင်ယူသူဗဟိုပြုသင်ကြားသင်ယူခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ စစ်ဆေး အကဲဖြတ်ခြင်းအတွက် စစ်ဆေးမှုများကို ဇူလိုင်/သြဂုတ်တွင်(၁)ကြိမ်၊ နှစ်လယ် စာမေးပွဲကို အောက်တိုဘာလတွင်(၁)ကြိမ်၊ ဒီဇင်ဘာလတွင် စစ်ဆေးအကဲဖြတ် မှု(၁)ကြိမ်၊ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလနှင့် မတ်လများတွင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စတုတ္ထတန်း (Grade-5)၊ အဋ္ဌမတန်း(Grade-9)နှင့် တက္ကသိုလ်ဝင် စာမေးပွဲများကို ပုံမှန်ဆောင်ရွက်ပြီး ကျန်အတန်းများကို မတ်လအကုန်တွင် စစ်ဆေး အကဲဖြတ်ခြင်းများကို ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
ကျောင်းသား ကျောင်းသူအားလုံးအတွက် အရည်အသွေးရှိသော ပညာရေး စနစ်ဖြင့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာစေရန်အတွက် ကျန်းမာ ကြံ့ခိုင်ပြီး တာဝန်ယူ တာဝန်ခံပူးပေါင်းဆောင်ရွက်တတ်ပြီး ဆန်းသစ်တီထွင်တတ်သည့် လူသား ကောင်းများဖြစ်လာစေရေး အားလုံးက ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အခြေခံပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ပညာရေးမူဝါဒလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီးများက သိရှိလိုသည်များကို မေးမြန်းအကြံပြုဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများ သည် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)ရှိ အမှတ်(၁၈)အခြေခံပညာအလယ်တန်းကျောင်းခွဲ(ရှမ်းတဲကြီး)၌ ကျင်းပသည့် ပထမ အကြိမ် နွေရာသီအင်္ဂလိပ်စာ၊ ကွန်ပျူတာသင်တန်းဆင်းပွဲနှင့် ကွန်ပျူတာပေးအပ် လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် မေ ၁၈ ရက် နံနက် ၈ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်တောင်ပိုင်းခရိုင်နှင့် ရန်ကုန်အနောက်ပိုင်းခရိုင်တို့မှ ကျောင်းအုပ်ဆရာ ဆရာမများနှင့်တွေ့ဆုံခဲ့သည်။
(သတင်းစဉ်)