နေပြည်တော် ၂၆ ဩဂုတ် 

 

တရုတ်-မြန်မာ ပူးတွဲသုတေသနစီမံကိန်းများ စတင်ခြင်းအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ ကောင်စစ်ဝန် Ms. Yang Chenceng နှင့် သံရုံးအရာရှိများ တက်ရောက်ကြသည်။ 

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပခဲ့သော ပထမအကြိမ် သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တရုတ်-မြန်မာ ပူးတွဲကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ရွေးချယ်ထားသော ပူးတွဲသုတေသနစီမံကိန်း ၁၀ ခုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တရုတ်ယွမ်ငွေ ၁၅ သန်းထောက်ပံ့မည့် အစီအစဉ် စတင်ခြင်းအထိမ်းအမှတ် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ရာစုနှစ်ရှည်လျားစွာ တည်တံ့ခိုင်မြဲခဲ့သော တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အဓိက အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာကျောင်းသားများအတွက် နှစ်စဉ်ပညာသင်ဆုများ ချီးမြှင့်ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း။

 

ပထမအကြိမ် တရုတ်-မြန်မာ ပူးတွဲသုတေသနစီမံကိန်းများတွင် စိုက်ပျိုးရေးကဏ္ဍ၊ သောက်သုံးရေ သန့်ရှင်းလုံခြုံရေးကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ တိုင်းရင်းဆေးပညာကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် ကာကွယ်ရေးကဏ္ဍနှင့် တိကျစွာတိုင်းတာခြင်းနည်းပညာနှင့် စံချိန်စံညွှန်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးကဏ္ဍတို့မှ လျှောက်လွှာခေါ်ဆိုခဲ့ပြီး စီမံကိန်း ၆၃ ထဲမှ ၁၀ ခုကို ရွေးချယ်ခဲ့ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ တရုတ်ယွမ် ၁၅ သန်းထက်မပိုသော ထောက်ပံ့ငွေဖြင့်  တရုတ် နိုင်ငံ၏တက္ကသိုလ်များ၊ သုတေသနဌာနများ၊ အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ၏ တက္ကသိုလ်များ၊ သုတေသနဌာနများ ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

၁၉၅၀ ပြည့်နှစ်မှစ၍ ထူထောင်ခဲ့သော တရုတ်-မြန်မာ သံတမန်ဆက်သွယ်ရေး နှစ် ၇၀ ပြည့် ပြည့်မြောက်သော ယခု ၂၀၂၀ ပြည့်နှစ်မှစတင်၍ ပူးတွဲသုတေသန၊ လူငယ်သိပ္ပံပညာရှင်များ လည်ပတ်ရေးအစီအစဉ်နှင့် နည်းပညာဖလှယ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်နယ်ပယ်အသီးသီးမှ လူသားအရင်း အမြစ်များဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံချစ်ကြည်ရေး နှင့်ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုလေးနက်ခိုင်မာစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 

 

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်