နေပြည်တော် ဇွန် ၇
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဆီရမ်မြို့၌ ဇွန် ၆ ရက်မှ ၇ ရက်အထိ ကျင်းပလျက်ရှိသည့် အကြိမ်(၂၀)မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ် မှုဆိုင်ရာဝန်ကြီး အဆင့်အစည်းအဝေးသို့ တက်ရောက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၅ ရက်က လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထွက်ခွာကြပြီး ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိကြရာ ကမ္ဘောဒီးယားနိုင်ငံ စက်မှု၊ သိပ္ပံနည်း ပညာနှင့် တီထွင် ဆန်းသစ်မှုဝန်ကြီးဌာန အတွင်းဝန်၊ ကမ္ဘောဒီးယားနိုင်ငံ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူ များက Siem Reap မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၆ ရက် မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံစက်မှု၊ သိပ္ပံနည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး H.E Dr. HEM Vanndy နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား သိပ္ပံ၊ နည်းပညာနှင့် တီထွင် ဆန်းသစ်မှုဆိုင်ရာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးကြပြီး ညပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ အာဆီယံဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၇ ရက် နံနက်ပိုင်းတွင် Sofitel Angkor Resort ၌ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် H.E Mr. HUN Manet နှင့် တွေ့ဆုံပွဲသို့ အာဆီယံဝန်ကြီးများနှင့်အတူ တက်ရောက်ပြီး အာဆီယံဒေသတွင်း သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ဆက်လက်၍ အကြိမ်(၂၀)မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကျင်းပရာ အစည်းအဝေးအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ စက်မှု၊ သိပ္ပံနည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး H.E Dr. HEM Vanndy က ကြိုဆို နှုတ်ခွန်းဆက်ပြောကြားပြီး အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် H.E Dr. Kao Kim Hourn က အမှာစကားပြောကြား၍ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် H.E Mr. HUN Manet က အဖွင့်အမှာ စကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ကျင်းပရာ အလှည့်ကျဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံအလိုက် AI နည်းပညာနှင့် အနာဂတ် ဆိုင်ရာ ကိစ္စရပ်များဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက “AI Application Navigating the Future” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပြီး လက်ရှိပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘာ့ယဉ်ကျေးမှုသမိုင်းဝင် အန်ကောဝပ် ဘုရားကျောင်း သို့ သွားရောက်လေ့လာခဲ့ကြောင်းနှင့် အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဖြူဖြူဝင်းသည် အာဆီယံသိပ္ပံ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုဆိုင်ရာ BAC-16, COSTI-85 နှင့် အခြား ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)