နေပြည်တော်၊ နိုဝင်ဘာ ၁၄

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်လွဲပိုင်းတွင် နေပြည်တော်နည်းပညာတက္ကသိုလ်နှင့် အစိုးရ စက်မှုလက်မှုသိပ္ပံ (နေပြည်တော်)တို့အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းတာဝန်ခံ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က နေပြည်တော် နည်းပညာတက္ကသိုလ်တွင် သင်ကြားသင်ယူ ဆောင်ရွက်နိုင်မှု၊ လက်တွေ့ခန်းများ ပြင်ဆင်ထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူမှု အထောက်အကူပြုစနစ် (Learning Management System – LMS) အသုံးပြုကာ ဆောင်ရွက်ထားရှိမှု၊ ကျောင်းဆိုင်ရာ အချက်အလက်များ၊ စီမံခန့်ခွဲမှုဆိုင်ရာနှင့် တာဝန်ပေးအပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူမှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ တက္ကသိုလ်ကျောင်းများ၏ ဥပဓိရုပ် ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာစေရေး၊ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရေး ကိစ္စရပ်များကိုမှာကြားပြီး နေပြည်တော် နည်းပညာတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများ သင်ကြားသင်ယူမှု အထောက်အကူပြုစနစ် (Learning Management System – LMS) အသုံးပြု သင်ကြားမှုများ၊ ခေတ်မီ သင်ထောက်ကူ ပစ္စည်းများ၊ ခေတ်မီလက် တွေ့ခန်းသုံးပစ္စည်းများ၊ သုတေသနဓာတ်ခွဲခန်းများ၊ Language Lab ၊ ကွန်ပျူတာခန်းများ ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ နေပြည်တော်နည်းပညာတက္ကသိုလ်တွင် မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ အီလက်ထရွန်နစ် အင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာရပ်၊ စက်မှုအင်ဂျင်နီယာဘာသာရပ်၊ သတင်းအချက်လက် နည်းပညာဘာသာရပ်၊ ဗိသုကာ ဘာသာရပ်နှင့် စိုက်ပျိုးရေးအင်ဂျင်နီယာ ဘာသာရပ်များ သင်ကြားပေးလျက်ရှိပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) သို့ ရောက်ရှိပြီး ဖွင့်လှစ်လျက်ရှိသည့် ဂဟေဆက် ကာလတိုသင်တန်း (Arc Welding Training) သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ် သင်ကြားမည့် စက်မှုလယ်ယာ နည်းပညာဒီပလိုမာသင်တန်း (Diploma in Farm Machinery Technology) အတွက် ကြိုတင်ပြင်ဆင်ထားရှိသည့် သင်ထောက်ကူ စက်ပစ္စည်း ကိရိယာများအား ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)မှ ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်ထားသည့် Project များကို လှည့်လည်ကြည့်ရှုပြီး ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်မှ လုပ်ငန်းခွင် လက်တွေ့ကွင်းဆင်း ဆောင်ရွက်နေသည့် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ကျောင်းသူ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) မှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်