နေပြည်တော် ၂၉  ဩဂုတ် 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် " United States Agency for International Development (USAID) ၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်နေသော ငှက်ဖျားရောဂါ၊ တီဘီရောဂါနှင့် HIV/ AIDS ရောဂါတိုက်ဖျက်ရေးလုပ်ငန်း များ၊ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ကိုဗစ်-၁၉ တုံ့ပြန်ဆောင် ရွက်ရေးလုပ်ငန်းတို့နှင့် စပ်လျဉ်း၍" အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံရှိ USAID မှ တာဝန်ရှိသူများနှင့် ဩဂုတ် ၂၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမမှ Videoconferencing စနစ်ဖြင့် ဆွေးနွေးသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ Deputy Chief of Mission Ms. Gwen Cardno က USAID အဖွဲ့အနေဖြင့် ငှက်ဖျားရောဂါ၊ တီဘီရောဂါနှင့် HIV/ AIDS ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ၊ မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတို့နှင့်စပ်လျဉ်း၍ ဆက်လက်ပံ့ပိုး ကူညီသွားရန် အသင့်ရှိ နေပြီး ဝန်ကြီးဌာန၏ သဘောထားနှင့် ဦးစားပေးလုပ်ငန်းများအား ကြားသိလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက USAID မှ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် USAID အထောက်အပံ့ဖြင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေသော နေရာဒေသများသို့ ကွင်းဆင်းပြီး လက်တွေ့မြေပြင်တွင် ဆောင်ရွက်နေမှုများကို သွားရောက်လေ့လာကာ ပူးတွဲ သုံးသပ်ကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနမှ ဝန်ထမ်းအချို့ကို US-CDC တွင် ကူးစက်ရောဂါ နှိမ်နင်းရေးနှင့် ပတ်သက်၍ ရက်တိုသင်တန်းများ ခေါ်ယူလေ့ကျင့်သင်ကြားပေးစေလိုပါ ကြောင်း၊ USAID မှ ကျွမ်းကျင်မှုနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုသည် ပြည်သူ့ကျန်းမာရေး ဆိုင်ရာဝန်ထမ်းများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်မြင့်မားခြင်းဖြင့် ရေရှည်ကျန်းမာရေး ကဏ္ဍတည်တံ့ဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီးပါကြောင်း ပြောကြားသည်။

 

ထို့နောက် USAID မှ Acting Mission Director Pamela Fessenden က USAID အနေဖြင့် တီဘီရောဂါ၊ ငှက်ဖျားရောဂါ၊ HIV/AIDS၊ မိခင်နှင့်ကလေးကျန်းမာရေးစသည့် ပြည်သူ့ကျန်းမာရေး ကဏ္ဍများအတွက် ဆက်လက်ကူညီထောက်ပံ့သွားမည်ဖြစ်ပါကြောင်း၊ USAID ၏ထောက်ပံ့ကူညီမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ အကြံပြုချက်နှင့် သဘောထားမှတ်ချက်များကို သိလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်ပြီး USAID - Office of Public Health ၏ Director Karen Cavanaugh က USAID က ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေး အထောက်အပံ့အဖြစ် ကျန်းမာရေးကဏ္ဍအတွက် Access to Health Fund မှတစ်ဆင့် အမေရိကန်ဒေါ်လာ (၆ ဒသမ ၅)သန်း ထောက်ပံ့ပေးပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဖွံ့ဖြိုးတိုးတက်မှုနည်းသော မြို့ဆင်ခြေဖုံးဒေသများရှိ ပြည်သူများအထူးသဖြင့် ရွှေ့ပြောင်းသွားလာနေထိုင်သူများ၊ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သူများ၊ Quarantine နေရာအဆောက်အဦများတွင် နေထိုင်ကြရသူများအတွက် တစ်ကိုယ်ရေသုံးကာကွယ်ရေးပစ္စည်းများ (PPE) ထောက်ပံ့ပေး ခြင်းနှင့် ကျန်းမာရေးအသိပညာပေးရန်တို့အတွက် အဓိကထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှတစ်ဆင့် အမေရိကန်ဒေါ်လာ (၇)သိန်း၊ Unicef အဖွဲ့မှတစ်ဆင့် အမေရိကန်ဒေါ်လာ (၆) သိန်းနှင့် SCI အဖွဲ့မှတစ်ဆင့် အမေရိကန်ဒေါ်လာ(၅)သိန်းကို ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေးအတွက် ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ထို့အပြင် လူသားချင်းစာနာမှုနှင့် အရေးပေါ်အခြေအနေ အကူအညီ အဖြစ် အမေရိကန်ဒေါ်လာ (၆)သန်း ကို Unicef၊ IOM နှင့် Relief International အဖွဲ့တို့မှတစ်ဆင့် ထောက်ပံ့ကူညီလျက်ရှိပါကြောင်း၊ ထို့အပြင် အမေရိကန်နိုင်ငံမှ နည်းပညာဆိုင်ရာ အထောက်အပံ့များနှင့် ကာကွယ်ဆေးထိုးလုပ် ငန်းတို့အတွက်လည်း အကူအညီများပေးရန် အစီအစဉ်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် USAID အဖွဲ့မှ မိခင်နှင့်ကလေး ကျန်းမာရေးလုပ်ငန်းများ၊ HIV/AIDS ၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြရှင်းလင်းဆွေးနွေးသည်။

 

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက Access to Health Fund ဖြင့် နောက်တစ်ကြိမ် လာမည့်နှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းများကို USAID နှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲမည့် အစီအစဉ်သည် ကောင်းမွန်ပြီး မူအားဖြင့် သဘောတူညီပါကြောင်း၊ TB partnership တီဘီရောဂါတိုက်ဖျက်ရေးနှင့်ပတ်သက်၍ သဘောတူညီမှု စာချွန်လွှာရေးထိုးမည့် ကိစ္စရပ်သည် မြန်မာပြည်သူလူထုအတွက် အကျိုးရှိမည့် အစီအစဉ်များဖြစ်သဖြင့် သဘော တူညီပါကြောင်း။

 

USAID မှ ထောက်ပံ့ပေးသော ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော မိတ်ဖက်အဖွဲ့ အစည်းများ၏ ဆောင်ရွက်နေသော ကျန်းမာရေးလုပ်ငန်းများ၊ နေရာဒေသများ အခြေပြ မြေပုံများ ရေးဆွဲ၍ ဆန်းစစ်ပါက လုပ်ငန်းများထပ်မနေစေရန်၊ လိုအပ်နေသောနေရာများကို ဖော်ထုတ်ပြီး ဆန်းစစ် ပါက ပိုမိုထိ ရောက်အကျိုးရှိပြီး အလေအလွင့်နည်းပါးမည်ဖြစ်ပါကြောင်း၊ USAID ၏ ပံ့ပိုးမှုဖြင့် (၂၀၂၁) ခုနှစ်တွင် ဆောင်ရွက်မည့် "မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း  (Myanmar Demographic and Health Survey)" ကောက်ယူမည့် ကိစ္စကိုလည်း သဘောတူညီပါကြောင်း၊ ထို့အပြင် အမှန်လက်တွေ့ မြေပြင်တွင် ဆောင်ရွက်နေသောလုပ်ငန်းများကို ကွင်းဆင်းလေ့လာပြီး အမျိုးမျိုးသော အညွှန်းကိန်းများပေါင်းစပ် (Composite index) ၍ဆန်းစစ် အကဲဖြတ်စေလိုပါကြောင်း၊ USAID မှ အဆိုပြုတင်ပြသော Digital Square စနစ်ဖြင့် Digital health ဆောင်ရွက်မည့် အစီ အစဉ်သည် ယခုလို COVID-19 ဖြစ်ပွားနေချိန်တွင် များစွာသင့်လျော်ကောင်းမွန်ပြီး မြန်မာနိုင်ငံ ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုနှင့် ကိုက်ညီသော Digital health အစီအစဉ်ဖြစ်ရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ 

 

သတင်းစဉ်