ရန်ကုန် ၃၁ သြဂုတ် 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် ဗဟိုကျန်းမာရေး ဓာတ်ခွဲခန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုသည်။

ရှေးဦးစွာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဌေးဌေးတင်က ပြင်သစ်နိုင်ငံ (AFD) အဖွဲ့အစည်း၏ ချေးငွေအကူအညီဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ရှိသမိုင်းဝင် ဓာတ်ခွဲခန်းအဆောက်အဦပြုပြင် ထိန်းသိမ်းတည်ဆောက်ရန်နှင့် ဇီဝလုံခြုံမှုအဆင့်မြင့် ဓာတ်ခွဲခန်း (Biosafety Level -3) တည်ဆောက်ရန် ဆောင်ရွက်ထားရှိမှု၊ အာရှဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေဖြင့် GMS Health Security Project အဖြစ်ဆောင်ရွက်နေသော အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနအား နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ်ရရှိနိုင်စေရေး ဆောင်ရွက်နေမှုများကို အသေးစိတ်ရှင်းလင်း တင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဗဟိုကျန်းမာရေး ဓာတ်ခွဲခန်းအဖြစ် ဆောင်ရွက်ထားရှိမှုများသည် ကောင်းမွန်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြားဆေးရုံများ အတွက် ဓာတ်ခွဲစမ်းသပ်မှုများကိုလည်း တိုးချဲ့လက်ခံစစ်ဆေးပေးနိုင်ရန်စီစဉ် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဓာတ်ခွဲစမ်းသပ်မှုအဖြေများကို သက်ဆိုင်ရာ ဆေးရုံများထံသို့ ခေတ်မီ အီလက်ထရောနစ်စနစ်ဖြင့် ပေးပို့အကြောင်းကြားသွားနိုင်ရန် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဗဟိုကျန်းမာရေး ဓာတ်ခွဲခန်းကို စနစ်တကျတိုးချဲ့ ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးပြည့်ဝ၍ မှန်ကန်သောဓာတ်ခွဲ စမ်းသပ်မှုများကိုအကုန်အကျ သက်သာစွာဖြင့် အကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။

ဓာတ်ခွဲ အဖြေများသည် ပြည်သူများအားကျန်းမာရေး စောင့်ရှောက်မှုပေးသည် ဆေးပညာရှင်များ၏ ရောဂါကုသမှုများ ထိရောက်မှုအတွက် များစွာအရေးကြီးသည့်အတွက် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၏ လိုအပ်ချက်များကို ပထမဦးစားပေး အစီအစဉ်ဖြင့် ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဝန်ထမ်းများက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းကိစ္စရပ်များအတွက် တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေးဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနရှိ ဘက်တီးရီးယားဗေဒဌာန၊ ဗိုင်းရပ်စ်ဗေဒဌာန၊ ကပ်ပါးဗေဒဌာန၊ သွေးရည်ကြည်ဗေဒဌာန၊ ရောဂါရှာဖွေမှုဌာန၊ ရောဂါပြီးဗေဒဌာနနှင့် မှိုဗေဒဌာနတို့တွင် လုပ်ငန်းဆောင်ရွက်နေမှုများနှင့်  ဓာတ်ခွဲကျွမ်းကျင်-အဆင့် (၃) (Laboratory Technician Grade 1) သင်တန်းသင်ကြားနေမှုများအား လှည့်လည်ကြည့်ရှုသည်။

သတင်းစဉ်