နေပြည်တော် မတ် ၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာအထက်တန်း စာစစ်ဌာနများနှင့် ကျောင်းဆောင်များသို့ လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဆားမ လောက်အခြေခံပညာ အထက်တန်းကျောင်း၊ ပန်းတနော်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ကန်ကြီးထောင့်မြို့နယ် တကုန်းကြီး အခြေခံပညာအထက်တန်းကျောင်း များရှိ စာစစ်ဌာနများသို့သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေး၍  စာမေးပွဲကြီးကြပ်ရေးမှူးများနှင့် တာဝန်ကျဆရာ ဆရာမများအနေဖြင့် စာမေးပွဲစည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်တကျ အောင်မြင်စွာကျင်း ပနိုင်ရေးအတွက် မိမိတို့ကျရာတာဝန်အခန်းကဏ္ဍအလိုက် ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုစဉ်အတွင်း စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း မှာကြားသည်။

ယင်းနောက် စာသင်ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်း၏ဥပ ဓိရုပ်ကောင်းမွန်စေရေးအတွက် စာသင်ဆောင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ စိမ်းလန်းစို ပြည်ရေးလုပ်ငန်းများ၊ လိုအပ်သည့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို လာမည့်ကျောင်း ဖွင့်ချိန်မတိုင်မီ ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ စာသင်ဆောင်များ၊ ကျောင်းသုံး ပရိဘောဂများ၊ စက်ပစ္စည်း စသည်များကို ရေရှည်အသုံးပြုနိုင်ရန် စနစ်တကျ စည်းကမ်းရှိရှိ ထိန်းသိမ်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ညောင်တုန်းမြို့နယ်၊ စက္ကော့အခြေခံပညာအထက်တန်းကျောင်းနှင့် ကန်ကြီး ထောင့်မြို့ အခြေခံပညာအထက်တန်းကျောင်းတို့တွင် တွဲဖက်ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း စာသင်ဆောင်သစ်တည်ဆောက်ရေးလုပ်ငန်းခွင် ဆောင်ရွက်နေမှုအခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ အဆောက်အဦအရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးမြောက်ရေးအတွက် လမ်းညွှန်မှာကြားကာ လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ ဆရာဆရာမများအနေဖြင့် မိမိတို့နိုင်ငံ အတွင်း ပညာတတ်များပေါများလာစေရေးအတွက် မိမိတို့တာဝန်ကျရာနေရာတွင် စေတနာ အပြည့်အဝထားပြီး အမှန်တကယ် ကျွမ်းကျင်တတ်မြောက်သူများဖြစ်အောင် ကြိုးစားသင်ကြား ပေးစေလိုပါကြောင်း၊ မိမိတို့၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှုတို့ဖြင့် ကျေပွန်စွာ ဆောင်ရွက်ကြ‌စေလိုကြောင်း၊ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရာတွင် လုပ်ဖော်ကိုင်ဖက် ပညာရေးမိသားစုအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် နွေးနွေးထွေးထွေးဆက်ဆံ၍ လက်တွဲဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ပညာရေးဒီဂရီကောလိပ် ပညာရတနာခန်းမသို့သွားရောက်၍ ဆရာဆရာမများ၊ သင်တန်းသားသင်တန်းသူများနှင့် တွေ့ ဆုံ၍ အခြေခံပညာကဏ္ဍသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ပါကြောင်း၊ ဆရာဆရာမများသည် အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်ပါကြောင်း၊ ဆရာဆရာမများအဖြစ် တာဝန်ထမ်းဆောင်သည့်အခါ ကျောင်းသားကျောင်းသူများကို ပညာတတ်ရုံသာမက ယဉ်ကျေးလိမ်မာပြီး ဂါရဝ၊နိဝါတတရား ထားရှိတတ်အောင်၊ အကျင့်စာရိတ္တ ကောင်းမွန်အောင် ပြုစုပျိုးထောင် ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်