ရန်ကုန် ဇွန် ၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ ၀န်ကြီး ဦးခင်မောင်ကြည်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မအူပင်မြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းများသို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူ များ အေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုပြီး အားပေးစကား ပြောကြားသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများအနေဖြင့် ပညာသင်ကြားရမည့်အရွယ်တွင် ပညာကိုအမြဲမပြတ်ကြိုးစားသင် ယူကြရန်နှင့် မိမိတို့၏ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် စာသင်နှစ် စကတည်းက ပညာကိုကြိုစားသင်ယူ ကြစေလိုကြောင်း၊ မိမိတို့သင်ယူနေသည့် ဘာသာရပ်များကို တန်ဖိုးထားပြီး ထူးချွန်စေရန် ကြိုးစားသင် ယူလေ့လာကြစေလိုကြောင်း ပြောကြားပြီး ကျောင်းဝန်းအတွင်းရှိစာသင်ခန်းများ၊ စာသင်ဆောင်များ ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ ကျောင်းနှင့် ကျောင်းဝန်ကျင်သန့်ရှင်းသာယာ ရေးဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာ၀န်ရှိသူများသည် မအူပင်တက္ကသိုလ်သို့ရောက်ရှိပြီး မိုးလုံလေလုံ အားကစားခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာဆရာမများ၊ အရာထမ်းများ၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆရာဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအား စေတနာ အပြည့်အဝဖြင့် အမှန်တကယ်ကျွမ်းကျင်တတ်မြောက်သူများဖြစ်အောင် သင်ကြားပို့ချပေးကြစေလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို သင်ကြားရာတွင် မိမိတို့၏ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများသာမက ဆက်စပ် ဘာသာရပ်များကိုပါ ကျွမ်းကျင်မှုရှိစေရန်အတွက် စာကြည့်တိုက်များကို အသုံးပြု၍ စာအုပ်စာပေများကို အမြဲမပြတ် ဖတ်ရှုလေ့လာ နေကြရန်လိုအပ်ပါကြောင်း၊ ဆရာဆရာမများသည် စဉ်ဆက်မပြတ် လေ့လာနေမှသာလျှင်ကိုယ် ရည်ကိုယ် သွေးမြင့်မားလာပြီး မိမိတို့၏တပည့်များကို မိမိတို့ထက်ပိုမိုထူးချွန်ကာ အရည်အချင်းရှိသော ကျောင်းသားကျောင်းသူများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားပြီး ဌာနအလိုက် ဆရာဆရာမများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညောင်တုန်းခရိုင် ဆားမလောက်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းသို့ ရောက်ရှိပြီး ကျောင်းသားကျောင်းသူများ အေးချမ်းစွာ တက်ရောက်ပညာသင်ကြားနေမှုများကို လှည့်လည် ကြည့်ရှုပြီး အားပေးစကားပြောကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်သို့ရောက်ရှိကာ တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ တက္ကသိုလ်ပရဝုဏ်အတွင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက် ပါမောက္ခများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)