နေပြည်တော်၊ ဒီဇင်ဘာ ၂၁
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် Naypyitaw State Academy သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ဆဲ စာသင်ဆောင်များ အရည်အသွေး ပြည့်မီရေးနှင့် အချိန်မီပြီးမြောက်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ နေထိုင်စားသောက်ရေး၊ သွားလာရေး၊ ပညာသင်ယူရေး ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများတွင် တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဘာသာရပ်အလိုက် ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါတက္ကသိုလ်ခန်းမတွင် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် သင်ကြားစီမံဝန်ထမ်းများကို တွေ့ဆုံ၍ Naypyitaw State Academy ကို နိုင်ငံတော်၏ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်အောင် ဦးတည်ချက်ထား ဆောင်ရွက်နေပါကြောင်း၊ Naypyitaw State Academy မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အစဉ်လေ့လာသင်ယူ၍ အမြဲမပြတ် ကြိုးစားနေရန် လိုအပ်ပါကြောင်း၊ အားလုံးက ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆရာဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် Naypyitaw State Academy အတွင်းရှိ စားသောက်ဆိုင်တန်းများကို သွားရောက်စစ်ဆေးကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တက္ကသိုလ် ပါမောက္ခချုပ်များက ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုလာမည့် ဇန်နဝါရီလတွင် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ သုတေသနစာတမ်းဖတ်ပွဲကို နေပြည်တော်တွင် နိုင်ငံတော်အဆင့် ခမ်းခမ်းနားနား ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့မှ ဆရာကြီး၊ ဆရာမကြီးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များအနေဖြင့် သက်ဆိုင်ရာဘာသာရပ်အလိုက် အရည်အသွေးရှိသော စာတမ်းများဖတ်ကြားနိုင်ရေး၊ တက္ကသိုလ်အလိုက် ပြခန်းများပြသနိုင်ရေးအတွက် လိုအပ်သည်များကို ယခုအစည်းအဝေးတွင် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်းတို့က သုတေသန စာတမ်းဖတ်ပွဲဖတ်ကြားမည့် အစီအစဉ်များ၊ တက္ကသိုလ်အလိုက် ပြခန်းများ ပြသမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များကို ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဆရာကြီး ဆရာမကြီးများနှင့် ပါမောက္ခချုပ်များက သုတေသန စာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေးအတွက် လိုအပ်သည်များကို အကြံပြုဆွေးနွေး ပြောကြားကြသည်။ ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းတို့က ဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ၂၂-၁၂-၂၀၂၃ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုလေ့လာ၍ လိုအပ်သည်များ မှာကြား ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်