ကျောက်ဖြူ မေ ၁၁
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိကြပြီး စာသင်ဆောင်၊ အိပ်ဆောင်၊ ကျောင်းမြေနေရာနှင့် ဆက်လက် တိုးချဲ့ဆောက်လုပ်နိုင်မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဖြူပညာရေးဒီဂရီကောလိပ် ပညာတန်ဆောင်ခန်းမ၌ ကျောင်းအုပ်ကြီး၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများ၊ B.Ed ပညာရေးဘွဲ့ပထမနှစ် စာပေးစာယူသင်တန်း တက်ရောက်နေသည့် သင်တန်းသားသင်တန်းသူနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သင်တန်းသားသင်တန်းသူ ဆရာ၊ ဆရာမများအနေဖြင့် ဘာသာရပ် အလိုက် ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများကို ပြန်လည်သင်ကြားပို့ချရာတွင်လည်း အမှန်တကယ် ပညာတတ်မြောက်အောင် သင်ကြားပေးကြရန် လိုကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးရေးအတွက် သင်ကြားသင်ယူမှု ပညာရေး လုပ်ငန်းများကို ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြား ရာတွင် ဆင်းရဲ၊ ချမ်းသာအဆင့်အတန်း ခွဲခြားခြင်းမရှိဘဲ တန်းတူညီမျှထား၍ စေတနာအပြည့်ဖြင့် လေ့ကျင့် သင်ကြားပေးစေလိုကြောင်း၊ ရခိုင်ပြည်နယ် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ဆရာ၊ ဆရာမများ၊ ပညာရေးမိသားစုများပူးပေါင်းကာ ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေး ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ များစွာလိုကြောင်း၊ ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများကို နိုင်ငံအတွက်အားထားရမည့် သူများဖြစ်အောင် ပြုစုပျိုးထောင် မွေးထုတ်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဖွင့်အမီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် အဆိုပါကျောင်းအတွင်း ပွဲကြည့်စင်၊ ပြေးလမ်း များပါရှိသော ကျောင်းဘောလုံးကွင်း တည်ဆောက်နိုင်ရေးအတွက် မြေနေရာများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဖြူမြို့ လေ့ကျင့်ရေးအလယ်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ကုလားဘာတောင်(မြို့)၊ အခြေခံပညာ အလယ်တန်းကျောင်း (ငလပွေ့ ရပ်ကွက်)သို့သွားရောက်၍ ဇွန်လကျောင်းဖွင့်ရက်အမီ ကျောင်းများတွင် ပြင်ဆင်ထားရှိမှု၊ သင်ရိုးသစ် Grade-5 ဆင့်ပွားသင်တန်းတွင် သင်ကြား သင်ယူနေမှုများကို ကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဖြူမြို့ စန္ဒာလင်္ကာ ရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဝရသာမိအား သွားရောက်ဖူးမျှော်ကာ သင်္ကန်းနှင့် လှူဒါန်းဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)