ရန်ကုန် ဇွန် ၆

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း‌ဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ ဒဂုံတက္ကသိုလ်သို့ ရောက်ရှိပြီး စာသင်ဆောင်များ ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုနှင့် ကျောင်း၀န်းလုံခြုံမှုရှိ စေရေးဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စု၀န်ကြီးသည်  ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စု၀န်ကြီးက နိုင်ငံတော်၏ ပညာရေးကဏ္ဍတွင် တာ၀န်ထမ်း ဆောင်နေကြစဉ်အတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင် ရွက်ကြစေလိုကြောင်း၊ ဘာသာရပ်များအားလုံးရှိ ဆရာ ဆရာမများ၏ အရည်အ‌သွေးမြှင့်တင်ရန် မွမ်းမံသင်တန်းများပေးရန် လိုအပ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို သင်ကြားရာ တွင် မိမိတို့၏ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများသာမက ဆက်စပ်ဘာသာရပ်များကိုပါ ကျွမ်းကျင်မှု ရှိ‌စေရန်အတွက် စာအုပ်စာပေများကို အမြဲမပြတ် ဖတ်ရှုလေ့လာနေကြရန်လိုအပ်ကြောင်း၊ အရည်အသွေးရှိသော ပညာရေးကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်းအချင်းချင်း မေတ္တာတရားရှေ့ထားပြီး စည်းလုံးညီညွတ်စွာ လုပ်ငန်းတာဝန်များ ကို ပူးပေါင်း‌ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးသည် ဒဂုံတက္ကသိုလ်တွင် ရုက္ခဗေဒ ဘာသာရပ်နှင့် ဇီ၀ဓာတုဗေဒဘာသာရပ်များကို  အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေကြသည့် ကျောင်းသား ကျောင်းသူများကို လှည့်လည်ကြည့်ရှုပြီး အားပေးစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ရန်ကုန်စီးပွားရေး တက္ကသိုလ်(ရွာသာကြီး)သို့ရောက်ရှိကာ တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ တက္ကသိုလ်ပရဝုဏ်အတွင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာရေး ဆောင်ရွက်ထား ရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စု၀န်ကြီးသည် ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ စက်မှု၊ စိုက်ပျိုး ရေး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ ဘာသာရပ်ဆိုင်ရာ လက်တွေ့ဆောင်ရွက်နေမှုနှင့် အခြေခံပညာအလယ်တန်းကျောင်း (မြန်မာ့သားကောင်း) ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ အတန်းတက်ရောက် ပညာသင်ယူနေမှု လှည့်လည်ကြည့်ရှုအားပေးပြီး မိမိတို့ဘာသာရပ်အလိုက် စာတွေ့လက်တွေ့ ကျွမ်းကျင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့၏ရည်မှန်းချက်များ အောင်မြင်စေရန် ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးမှူးများ၊ အထက်တန်းကျောင်းအုပ်ကြီး များနှင့် တွေ့ဆုံပြီး ကျောင်းနေအရွယ်ကလေးအားလုံး စာသင်ခန်းအတွင်းရောက်ရှိရေး သည် ဆရာ ဆရာမများနှင့် ဝန်ထမ်းများအားလုံးတွင် တာဝန်ရှိကြောင်း၊ KG+9 (အခြေခံပညာအလယ်တန်းအဆင့်) ပြီးမြောက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးကြစေလိုကြောင်း၊  အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီး မြောက်သူများ အတွက် ခရိုင်အလိုက်ဖွင့်လှစ်ထားရှိသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းများတွင် မိမိတို့စိတ်ပါဝင်စားရာ ဘာသာရပ်အလိုက် တက်ရောက်သင်ယူနိုင် ရန်အတွက် ဆရာ ဆရာမများအနေဖြင့် အလယ်တန်းအဆင့်ကျောင်းသားများကို ရှင်းလင်းပြောကြားကြရန်လိုအပ်ကြောင်း ပြောကြားသည်။ 

ထို့နောက် ပြည်ထောင်စု၀န်ကြီးက တက်ရောက်လာသော မြို့နယ်ပညာရေးမှူး များ၊ ကျောင်းအုပ်ဆရာ ဆရာမကြီးများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံ ပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ မေ ၂၃ ရက်မှ ဇွန် ၅ ရက် အထိ အခြေခံပညာ ကျောင်းသား ကျောင်းသူ ၆၈၇၇၅၀၄ ဦး လာရောက်အပ်နှံပြီးစီးခဲ့ပြီး ကျန်ရှိသည့် ကျောင်းသား ကျောင်းသူများလည်း သက်ဆိုင်ရာ ကျောင်းများထံသို့ လာရောက် ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်