နေပြည်တော် ဖေဖော်ဝါရီ ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မကြာမီ အတန်းတင်စာမေးပွဲများနှင့် တက္ကသိုလ်ဝင် စာမေးပွဲများ ကျင်းပတော့မည်ဖြစ်ရာ ဒေသအသီးသီးမှ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ တက္ကသိုလ်များတွင် စာမေးပွဲဖြေဆိုရာ၌ စာမေးပွဲ စည်းမျဉ်းစည်းကမ်း နှင့်အညီ အမှားအယွင်းမရှိအောင် အထူးဂရုပြု၍ အလေးထားကြပ်မတ်ဆောင်ရွက်ရန်နှင့် ပါရဂူကျမ်းများနှင့် မဟာတန်းပရောဂျက် စာတမ်းများတွင် စနစ်တကျ ကြပ်မတ် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နွေရာသီ ကျောင်းပိတ်ရက် ရောက်ပါကလည်း ကျောင်းသား၊ ကျောင်းသူများအတွက် အကျိုးရှိမည့် နွေရာသီသင်တန်းများ ဖွင့်လှစ် သင်ကြားပေးစေလိုကြောင်း၊ အရည်အချင်းပြည့်ဝသည့် ဆရာ ဆရာမများဖြစ်စေရန် မိမိဘာသာရပ်ဆိုင်ရာ စာပေများကို အမြဲမပြတ်ဖတ်ရှုလေ့လာ ဆည်းပူးနေရန်လိုကြောင်း၊ လာမည့်ပညာသင်နှစ်တွင် (KG+9) အခြေခံ ပညာအလယ်တန်းအဆင့်ထိ ကျောင်းနေအရွယ် ကလေးအားလုံး စာသင်ခန်းအတွင်းသို့ရောက်ရှိရေး အားလုံးဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တစ်ယောက်အားဖြင့်ယူသော်မရ အများအားဖြင့်ယူသော်ရ၏ ဟူသောဆိုရိုးအတိုင်း မိမိတို့နိုင်ငံ၏ပညာရေး ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဆရာ ဆရာမများအားလုံး အင်တိုက်အားတိုက် ဝိုင်းဝန်းလက်တွဲ ကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်တို့က သင်ကြားရေး၊ ကျောင်းအပ်နှံရေးနှင့် ကျောင်းလခပေးသွင်းရေး၊ တက္ကသိုလ်ဝင်စာမေးပွဲများ အောင်မြင်စွာ ပြီးမြောက်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်