ရန်ကုန်  ၁၄  ဩဂုတ် 

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းရေးဆိုင်ရာ အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက စာပေမူပိုင်ခွင့်ဆိုင်ရာ အစည်းအဝေး တစ်ရပ်ကို ယခုလဆန်းပိုင်းက ပြုလုပ်ခဲ့ပြီး စာပေမူပိုင်ခွင့်ချိုးဖောက်မှုများကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပါကြောင်း၊ စာပေမူပိုင်ခွင့် ချိုးဖောက်ခံရမှုများမှာ ယခင်ကတည်းက ရှိခဲ့သော်လည်း ကြီးကြီးကျယ်ကျယ်မဖြစ်အောင် စာပေပညာရှင်များက ထိန်းသိမ်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယခုအခါ အွန်လိုင်းပေါ်တွင် စာပေ မူပိုင်ခွင့် ချိုးဖောက်မှုများ ပိုမိုများပြားလာပြီး ယခင်ကထက် ရှုပ်ထွေးလာသော်လည်း စာပေမူပိုင်ခွင့် ချိုးဖောက်ခံရသူများအနေဖြင့် မည်သို့ ဖြေရှင်းရမည်ကိုမသိရှိခြင်း၊ အမှုမဲ့အမှတ်မဲ့ ရှိနေခြင်း၊ မူပိုင်ခွင့် ကာကွယ်ရန်လိုအပ်ခြင်း၊ ပြဿနာဖြစ်ပွားမှုများကို ညှိနှိုင်း ဖြေရှင်းပေးရန် လိုအပ်ခြင်းများရှိနေပါကြောင်း၊ စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေအတည် ပြုပြဌာန်းရန်၊ နည်းဥပဒေ ရေးဆွဲပြဌာန်းရန် ဆောင်ရွက်နေစဉ် စာပေနှင့် အနုပညာ မူပိုင်ခွင့် (သို့မဟုတ်) ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့ အစည်း(Collative Management Organization-CMOs) များ မပေါ်ပေါက်သေးမီ ကာလအတွင်း ပေါ်ပေါက်လာသည့် ပြဿနာရပ်များကို ပူးပေါင်းကူညီဖြေရှင်းပေးရန် နှင့် ထိန်းသိမ်းတည့်မတ်ပြုပြင်ပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ယခင်အစည်း အဝေးက ဆွေးနွေးခဲ့သည့်အတိုင်း စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖြစ်မြောက်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေး ပေးကြရန်ဖြစ်ပါကြောင်း၊ ယင်းကော်မတီအနေဖြင့် စာပေအနုပညာမူပိုင်ခွင့်ဥပဒေ အာဏာမတည်မီကာလအတွင်း မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ ရရှိနိုင်ရန်အတွက် အသိပညာပေးရန်၊ အကြံပြုရန်၊ ပြဿနာ ဖြစ်ပွားမှုများအပေါ် စေ့စပ်ညှိနှိုင်းဖြေရှင်း ပေးရန်ဖြစ်ပါ ကြောင်း၊ ထို့အပြင် စာပေအနုပညာမူပိုင်ခွင့် နည်းဥပဒေရေး ဆွဲနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန်၊ CMO များအမြန်ပေါ်ပေါက်လာရေးနှင့် ဖွဲ့စည်းနိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွန်ကြားရေးမှုးချုပ် ဦးအေးကြွယ်က စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည့် အစီအစဉ်အား ရှင်းလင်း တင်ပြသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် စာပေပညာရှင်ဖြစ်ကြသည့် ဆရာ ချစ်ဦးညို၊ အိုင်တီပညာရှင် ဦးသောင်းစုငြိမ်း၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းမှ ဦးမြတ်ခိုင်၊ မြန်မာနိုင်ငံ စာရေးဆရာကလပ်မှ ဦးခင်မောင်ကြွယ် (ဆရာကောင်းသန့်) ၊ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းမှ ဒုတိယဥက္ကဌ ဦးမြင့်ထွန်း၊ ပြည့်စုံစာပေမှ ထုတ်ဝေသူ ဦးမျိုးအောင်၊ မြန်မာနိုင်ငံအသိဉာဏ် ပညာပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌဒေါ်ဆွေဇင်ထိုက်၊ ဥပဒေပညာရှင် ဦးအောင်စိုးဦး၊ ဦးသန်းမောင်(စစ်တွေ)နှင့် ဦးဌေးဦး၊ Myanmars.net မှ ဦးဇော်ထွဋ်၊ Sunny International Co.Ltd မှ ဦးမြင့်သူ၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ မှ  ဦးကြည်နိုင်၊ ဆရာမောင်လှမျိုး(ချင်းချောင်းခြံ)၊ မြေမှုန်လွင်၊ စာရေးဆရာမပုညခင်၊ မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂမှဦးစိန်ဝင်း၊ မြန်မာ့ရေးရာလေ့လာရေးအဖွဲ့မှ ဦးရဲမြင့်ကျော်၊ ကာတွန်းပညာရှင် မောင်မောင်ဖောင်တိန်တို့က အွန်လိုင်းပေါ်တွင် ချိုးဖောက်ခံနေရသည့် စာပေမူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ကာကွယ် တားဆီးနိုင်မည့် နည်းလမ်းများ၊ စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖြစ်မြောက်ရေး ကော်မတီတွင် ပါဝင်သင့်သည့် ပုဂ္ဂိုလ်များနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များ စသည်ဖြင့် အကြောင်းအရာများအလိုက် ပါဝင်ဆွေးနွေးကြသည်။

 

အစည်းအဝေးသို့ မြန်မာ့ရေးရာလေ့လာရေးအဖွဲ့မှ ဦးအေးမောင်ကျော်၊ ဆရာ မောင်ဇေယျာ၊ ထုတ်ဝေသူ ဦးဝင်းချို(ဓူဝံစာပေ)နှင့် ဦးရဲမြင့်(နန်းဒေဝီ စာပေ)တို့ လည်း တက်ရောက်ကြသည်။

 

အဆိုပါအစည်းအဝေးမှ စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့ အစည်း (CMO) ဖြစ်မြောက်ရေးကော်မတီကို စာပေစာနယ်ဇင်းဆိုင်ရာပညာရှင်များ၊ စာပေထုတ်ဝေသူများ၊ နည်းပညာကျွမ်းကျင်သူများ၊ ဥပဒေရေးရာကျွမ်းကျင်သူများ၊ စာပေအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မွန်းလွဲပိုင်းတွင် ဒစ်ဂျစ်တယ်မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ၊ New Media လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများ တက်ရောက် ဆွေးနွေးကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မီဒီယာအရွေ့ (သို့မဟုတ်) မီဒီယာ အပြောင်းအလဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို မကြာမီက မိမိတို့ဝန်ကြီးဌာနတွင် ဆွေးနွေးပွဲများပြုလုပ်ပြီး လေ့လာခဲ့ကြပါကြောင်း၊ Digital နည်းပညာဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ Online Media တွင်ကျယ်လာမှုကြောင့် Main Stream Media ဟု ခေါ်တွင်ခဲ့သည့် Print Media အပေါ် များစွာ သက်ရောက်မှု ရှိလာခဲ့ပါကြောင်း၊ အထူးသဖြင့် မိမိတို့နိုင်ငံတွင် ယခင်နှစ်မှစ၍ ယခုနှစ်ကာလအတွင်း များစွာသိသာထင်ရှားလာခဲ့ပါကြောင်း။

 

New Media လုပ်ငန်းများဆောင်ရွက်သူတွင် Print Media လုပ်ငန်းမှ ပြောင်းလဲလုပ်ကိုင်သူများ ပါဝင်သကဲ့သို့ သီးခြား လုပ်ကိုင် လာသူများ ပါဝင်လုပ်ဆောင် နေမှုကိုလည်း တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ တည်ဆဲ မီဒီယာဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများမှာလည်း ပုံနှိပ် မီဒီယာများအပေါ် အခြေခံပြီး ရေးဆွဲပြဌာန်း ပေးခဲ့သည်ကို တွေ့ရမှာဖြစ်ကြောင်း၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် စည်းမျဉ်း စည်းကမ်းများ ရေးဆွဲပြဌာန်းရာတွင်လည်း အသင်းအဖွဲ့နှင့် အဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွား၊ အများပြည်သူတို့၏ အကျိုးစီးပွား ကာကွယ်မှုကို ထိန်းညှိဆောင်ရွက်ခြင်း၊ ပြဿနာများ ပေါ်ပေါက်လာပါက ညှိနှိုင်း ဖြေရှင်းပေးခြင်းတို့ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအစည်းအဝေးကို တက်ရောက်လာကြသည့် ဒစ်ဂျစ်တယ် မီဒီယာလုပ်ကိုင်နေသူများ၏ တွေ့ကြုံရသည့်အခက်အခဲများ၊ ကာကွယ်ရမည့် နည်းလမ်းများ၊ ဆောင်ရွက်သင့်သည့် အကြံဉာဏ်များ၎င်းအတွက် ကိုယ်စားပြု ဖြေရှင်းဆောင်ရွက်မည့် အဖွဲ့အစည်းတစ်ရပ် လိုအပ်မှုစသည့် သဘောထားများ၊ ပြောဆိုမှုများ၊ အသံများကို နားထောင်သိရှိလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ New Media လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည့် ဆဲဗင်းဒေးမီဒီယာမှ ဦးသောင်းစုငြိမ်း၊ TV Yangon မှ ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)၊ ပေါ်ပြူလာသတင်းအေဂျင်စီမှ ဒေါ်နန်းကလျာဝင်း၊ Myanmar Celebrity မှ ဦးအောင်မျိုးမြင့်၊ စံတော်ချိန်မှ ဦးကိုကိုလေး၊ ကမာရွတ်မီဒီယာမှ ဦးဟံသာညိမ်း၊ ဝန်ဇင်းမှ ဦးဝင်းလှိုင်ဦး၊ အကုန်သိသတင်းအေဂျင်စီမှ ဦးကျော်မျိုးမင်း၊ DVB မှ ဦ:ခင်မောင်စိုး၊ Cytron Computer မှ ဦးသိန်းထွန်းဖေ၊ လာလာကြည့်မှ ဦးမင်းဆွေလှိုင်၊ One News မှ ဦးမိုးအေး၊ Cele Gabar မှ ဦးသက်ဖြိုးအောင်တို့က ဒီဂျစ်တယ်မီဒီယာဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။

 

အစည်အဝေးသို့ ဒေါ်ဥမ္မာဝေ(8 Days)၊ ဒေါ်ဖြိုးသန္တာ(Myanmar Load)၊ Pau khan thawn(Mizzima)၊ ဒေါ်အိဖြူအောင်(Sunday)၊ ဦးလင်းထက်(We Media)၊ ဦးခန့်ဖြိုးလွင်(ဟုတ်တယ်/မဟုတ်ဘူး သတင်းအေဂျင်စီ)၊ ဦးအောင်ကျော်စိုး(The Voice)၊ ဦးကျော်ဇောလင်း(Eleven)၊ ဦးဥက္ကာဦး(News Watch)နှင့် ဦးမင်းမင်း(ရွှေသံလွင်)တို့ တက်ရောက်ကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက ပါဝင်ဖြည့်စွက်ဆွေးနွေးပြီး   ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

(သတင်းစဉ်)