နေပြည်တော်  ၄  စက်တင်ဘာ 

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည်   ယနေ့တွင် နေပြည်တော် တပ်ကုန်းမြို့နယ် ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့်  ဇေယျာသီရိမြို့နယ်ရှိ နေပြည်တော် ပုံနှိပ်စက်ရုံတို့တွင် လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။


 
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တာဝန်ရှိသူများသည် နံနက် ၁၀ နာရီတွင် တပ်ကုန်းမြို့နယ်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်နှင့် အတူ  Small Studio (II)  ၌   စက်တင်ဘာ ၈ ရက် ညပိုင်းမှ စတင်၍ ထုတ်လွှင့်ပြသမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၏ ဟောပြောချက်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရိုက်ကူးရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့်  Control Room   တို့ကို ကြည့်ရှုစစ်ဆေးပြီး ပါတီအလံနှင့် တံဆိပ်များ ထင်ရှား ပေါ်လွင်မှုရှိရေး၊ ရိုက်ကူးရေးတာဝန်ကျ ဝန်ထမ်းများအားလုံး ကိုဗစ် - ၁၉ ရောဂါကင်းရှင်းကြောင်း  Swab နမူနာများ ကြိုတင်စစ်ဆေး ဆောင်ရွက်ထားရေးနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်သည်များ ကို   ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်းနှင့် တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း သတင်းရိုက်ကူးသည့် Small Studio(I) ၊ ရေဒီယိုဓာတ်ပြားတိုက်၊ ရုပ်မြင်ဌာနခွဲရှိ ဖလင်တိပ်ခွေ ထိန်းသိမ်းရေးဌာနစိတ် (Umatic and Betacam)   နှင့်  ဒစ်ဂျစ်တယ်နည်းဖြင့် မှတ်တမ်းများ ထိန်းသိမ်းသည့် နေရာ၊  သတင်းခန်းများ (News Studio) ၊  HD စနစ်ဖြင့် အဆင့်မြှင့်တင် မွမ်းမံထားရှိသည့် ထုတ်လွှင့်ခန်း (Presentation II) ၊ MRTV HD ထုတ်လွှင့်ခန်းနှင့်   ရွေးကောက်ပွဲအသိပညာပေး လှုံ့ဆော်တေးသီချင်းများ ရိုက်ကူး နေသည့် Auditorium ခန်းမတို့တွင် လုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်ပုံနှိပ်စက်ရုံ(ဇေယျာသီရိ)  သို့ ရောက်ရှိပြီး ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

 

သတင်းစဉ်