နေပြည်တော်၊ ဇူလိုင် ၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Six Winners Brothers ကုမ္ပဏီလီမိတက်၏ ဆီသိုလှောင် ကန်များ၌ စားအုန်းဆီသိုလှောင်ထားရှိမှု၊ ဖြန့်ဖြူးမှု၊ 18 Liter ပုံးများဖြင့် ဘူးသွင်း ထုတ်လုပ်မှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ၊ အစည်းအဝေးခန်းမတွင် စားအုန်းဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများ၊ စားသုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီများကို စနစ်တကျ တင်သွင်း၊ ဖြန့်ဖြူးရောင်းချနိုင်ရေးကို ထိန်းကျောင်းဆောင် ရွက်လျက်ရှိပါကြောင်း၊ လာမည့် ဘဏ္ဍာနှစ်မှစ၍ ဈေးကွက်သို့ ဆီပေပါများဖြင့် ဖြန့်ဖြူးနေခြင်း အစား Consumer Pack ဖြင့် ထုပ်ပိုးဖြန့်ဖြူး ရောင်းချသွားနိုင်ရေးကို လုပ်ငန်းရှင်များကို အသိပေးနှိုးဆော်ထားပြီးဖြစ်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရန် အသိပေး ပြောကြားလိုပါကြောင်း၊ Consumer Pack ဖြင့် ထုပ်ပိုးဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာနများက ညွှန်ကြားထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းအားဖြင့် သက်ဆိုင်ရာကုမ္ပဏီများ အနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိလာစေ မည်ဖြစ်ပြီး စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကြိုတင်ကာကွယ်ရာရောက်မည် ဖြစ်ပါကြောင်း၊
ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ပြည်တွင်းထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်ရ မည်ဖြစ်သကဲ့သို့ စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးပြည့်မီသော စားအုန်းဆီများ ထုတ်လုပ်ဖြန့်ဖြူး နိုင်ရေးအတွက်လည်း အရေးကြီးပါကြောင်း၊ ယခုအချိန်တွင် ပြည်တွင်း၌ နေကြာစိုက်ပျိုးထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အတွက် အရည်အသွေးပြည့်မီသည့် နေကြာဆီ ထုတ်လုပ်သည့်စက်ရုံများ ပေါ်ပေါက်လာစေရေးအတွက် ချေးငွေများပေးအပ်နိုင်ရန် နိုင်ငံတော်အနေဖြင့် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အလားတူ လက်ရှိစားအုန်းဆီကြမ်း ထုတ်လုပ်လျက်ရှိရာမှ အဆင့်မြင့်စားအုန်းဆီ ထုတ်လုပ်နိုင်ရေးအတွက်ကိုလည်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ပြည်ပမှ စားအုန်းဆီ တင်သွင်းသူ များအနေဖြင့် ဝန်ကြီးဌာနမှသတ်မှတ်ထားသည့် စည်းမျည်းစည်းကမ်းများနှင့်အညီ တင်သွင်းဖြန့်ဖြူးရောင်းချ သွားရန် အသိပေးလိုပါကြောင်း ပြောကြားသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဆီတင်သွင်းဖြန့်ဖြူးသည့် လုပ်ငန်းရှင်များက စားအုန်းဆီတင်သွင်းမှု၊ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုအခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ ကမ်းနားလမ်းရှိ ရန်ကုန်တိုင်းဒေသကြီးတိုင်းဦးစီးမှူးရုံး၊ ပို့ကုန်သွင်းကုန်ရုံးခွဲ (ရန်ကုန်)ရှိ ပို့ကုန်/သွင်းကုန်ဌာနသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး အစည်းအဝေးခန်းမ၌ ကော်စေ့လုပ်ငန်းရှင်များကို တွေ့ဆုံရာ လုပ်ငန်းရှင်များက လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက သက်ဆိုင်ရာ လုပ်ငန်းဌာနများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာခန်းမ၌ ဆီထွက်သီးနှံ၊ ပဲ၊ နှမ်း၊ ပြောင်းကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းနှင့် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းများမှ တာဝန်ရှိသူများ၊ ကုန်သည်များကိုတွေ့ဆုံ၍ ကုန်သည်လုပ်ငန်း ရှင်းများအနေဖြင့် လက်ရှိတွေ့ကြုံနေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောကြားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပဲ၊ ပြောင်း၊ နှမ်း၊ သီးနှံများကို ပြည်ပသို့တင်ပို့နေမှုကို ရှင်းလင်းဆွေးနွေးတင်ပြပြီး မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ ဦးထွန်းလွင်နှင့် တက်ရောက်လာကြသည့် ကုန်သည် လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)