နေပြည်တော် စက်တင်ဘာ ၁၅
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့၌ စတုတ္ထအကြိမ်မြောက် တရုတ်-အာဆီယံ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (Towards A Health Silk Road) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် Hybrid method ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ Vice Governor၊ National Health Commission of China မှ ဒုတိယဝန်ကြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေး ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေ အတွင်းရေးမှူးချုပ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO Regional Office for the Western Pacific) မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က Key Note Speech မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။
အဆိုပါ ဖွင့်ပွဲ အခမ်း အနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က Video Key Note Speech ဖြင့် မိန့်ခွန်းပြောကြားရာတွင် ယနေ့ ဖိုရမ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ ပြည်သူ့ကျန်းမာရေး၊ ကုသရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ဘာသာရပ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများကို တွေ့ရှိရသည့် အတွက် ဝမ်းမြောက်မိပါကြောင်း၊ ကျန်းမာရေးအခြေခံ အဆောက်အဦများ ခိုင်မာတောင့်တင်းစေရေး ဒေသတွင်းသာမက ကမ္ဘာ့ နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ခြင်းသည် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုများ တုံ့ပြန်နိုင်ရေး လုပ်ငန်းများ အတွက် ပိုမိုအားကောင်း စေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသခြင်း လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ အိမ်နီးချင်း နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အပါအဝင် ဆေးပစ္စည်း အကူအညီ အထောက်အပံ့များစွာရရှိခဲ့ပါ ကြောင်း။
တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျန်းမာရေး ပိုးလမ်း (Health Silk Road) တည်ထောင် အကောင် အထည် ဖော်ဆောင်ရွက်နိုင်ပါက ကျန်းမာရေးဆိုင်ရာ ဗဟုသုတ၊ သတင်းအချက် အလက်များ၊ အတွေ့ အကြုံများကို အချိန်နှင့် တပြေးညီ မျှဝေခြင်း၊ ပြည်သူ့ကျန်းမာရေး စနစ်ကို ပိုမို ခိုင်မာတောင့်တင်းစေခြင်းနှင့် သိပ္ပံနှင့် နည်းပညာ ပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်း၊ အတွေ့အကြုံမျှဝေခြင်းတို့ကို ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့အကြား ပူးပေါင်းဆောင် ရွက်မှုများစွာ ရှိသည့်အနက် အရေးကြီးသည့် အခွင့်အလမ်းတစ်ခုမှာ မြန်မာ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး စင်တာ တည်ဆောက်ရေး လုပ်ငန်းဖြစ်ပြီး လက်ရှိ အချိန်တွင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများသည် တူညီ သော ရည်မှန်းချက်များ ရှိကြပြီး ကောင်းမွန်သော ရလဒ် ကြိုးပမ်းဆောင်ရွက်မှုများကို ဆောင်ရွက် ခဲ့ပြီး ဖြစ်ပါကြောင်း၊ နောင်လာမည့် ကာလများတွင်လည်း ပိုမို၍ ရည်မှန်းချက် ကောင်းမွန်သော အစီအစဉ်များ ပိုမို၍ လေးနက်သော ဆက်ဆံရေး များအား တည်ဆောက် နိုင်မည် ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် စတုတ္ထအကြိမ်မြောက် တရုတ်-အာဆီယံ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ပူးတွဲကြေငြာစာတမ်းအား အတည်ပြု ထုတ်ပြန်ခဲ့ကြသည်။
အဆိုပါ ဖိုရမ်ကို စက်တင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကူးစက်ရောဂါများ ကာကွယ် ထိန်းချုပ်ရေး၊ မိခင်နှင့် ကလေး ကျန်းမာရေး၊ ဆေးရုံစီမံ ခန့်ခွဲရေး၊ သွားကျန်းမာရေး အစရှိသည့် ဖိုရမ်ခွဲများအား နေ့အလိုက် ကျင်းပသွားမည် ဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)