နေပြည်တော်၊ ဒီဇင်ဘာ ၁၀

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်သည့် စားသောက်ဖွယ်ရာများနှင့် လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးနှင့် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအတွက် ထောက်ပံ့ငွေများကို ပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ဆေးရုံဝန်ထမ်းများ၊ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အခက်အခဲများကြားမှ ဆေးရုံလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်စေရန်ဆောင်ရွက် ပေးနေကြသော ဝန်ထမ်းတစ်ဦးချင်းစီကို ပြည်သူလူထုနှင့် ကျန်းမာရေးဝန်ကြီး ဌာနကိုယ်စား ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ ထောက်ပံ့ပေးထားသည့် ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းများကို စနစ်တကျ အကျိုးရှိရှိ အသုံးပြုကြရန်၊ ထပ်မံလိုအပ်ချက်ရှိပါက တင်ပြရန်၊ နိုင်ငံတော်မှ ထောက်ပံ့ထားသည့် ရန်ပုံငွေများကို အကျိုးရှိစွာအသုံးပြု၍ ဆေးရုံလုပ်ငန်း တိုးတက်လာစေရေး ဆောင်ရွက်ရန်၊ ဌာနပိုင်ပစ္စည်းများ ဆုံးရှုံးမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်၊ တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် စွမ်းအားပြည့်ရရှိစေပြီး လူနာများအတွက် အကောင်းဆုံးကြိုးစားဆောင်ရွက်ပေးကြရန်၊ လူနာများ စိတ်ချမ်းသာစွာဖြင့် ကုသမှု ခံယူနိုင်ကာ ပြည်သူအားကိုးရသည့် ဆေးရုံကြီးဖြစ်စေရေး ဆောင်ရွက်ကြရန်နှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန်၊ လားရှိုး မြို့သို့ ခေတ္တတိမ်းရှောင် ရောက်ရှိနေသော စုရပ်များ (IDP camps)၌ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို စံချိန်စံညွှန်း ကောင်းမွန်စေရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဆောင်ရွက်ပေးရန်၊ ကလေးငယ်များအား လိုအပ်သည့်ကာကွယ်ဆေးများ ထိုးနှံပေးရန်၊ မိခင် ကလေး ကျန်းမာရေးလုပ်ငန်းများ အလေးထား ဆောင်ရွက်ပေးရန်၊ ပုံမှန်တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးရန်နှင့် အခြေခံကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာကြားပြီး တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လားရှိုးမြို့ပြည်သူ့ဆေးရုံကြီး ဆေးကုသဆောင်၌ ကုသမှုခံ ယူလျက်ရှိသည့် လူနာများအား တွေ့ဆုံအားပေး စကားပြောကြားကာ အာဟာရပြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (လားရှိုးမြို့) သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများနှင့် သင်တန်းသူ/သားများနှင့် တွေ့ဆုံကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်သည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကို ပေးအပ်၍ လုံခြုံရေးအသိဖြင့် ဌာနလုပ်ငန်းများ၊ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ နောက်ဆုံးနှစ် စာမေးပွဲများ ဖြေဆိုမည့် ကာလဖြစ်သဖြင့် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် မှာကြားပြီး သင်တန်းသားများ နေထိုင်စားသောက်ရေးနှင့် သင်ကြားရေး လုပ်ငန်းများအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်