နေပြည်တော် ဇွန် ၁၆
မှော်ဘီမြို့ ပြည်သူ့ဆေးရုံ၏ (၂) ထပ်ကုသဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့က (၂) ထပ် ကုသဆောင်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသူများက ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် ပြည်သူ့ဆေးရုံ၊ မှော်ဘီမြို့၏ (၂) ထပ် ကုသဆောင်သစ်သည် (၁၆,၈၀၀) စတုရန်းပေ အကျယ်အဝန်းရှိကာ နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေကျပ် (၁၁၅၉.၂၀၀) သန်း ကုန်ကျခဲ့ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့ (၂) ကို လုပ်ငန်းအပ်နှံ၍ ၂၀၂၃ ခုနှစ် ဩဂုတ် ၁၈ ရက်တွင် စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၄ ခုနှစ် မတ် ၃၀ တွင် လုပ်ငန်းများ ပြီးစီးခဲ့ကြောင်း၊ အဆိုပါ အဆောက်အဦ မြေညီထပ်တွင် အရေးပေါ်လူနာစမ်းသပ်ခန်း၊ ကိုယ်ဝန် ဆောင်မိခင်စောင့်ကြပ်ကြည့်ရှုခန်း၊ သားဖွားခန်း (၂) ခန်း၊ မွေးပြီးလူနာ စောင့်ကြပ်ကြည့်ရှုခန်း၊ မွေးကင်းစကလေးလူနာ စောင့်ကြပ်ကြည့်ရှုခန်း၊ စတိုခန်း၊ ဆေးပေးခန်းတို့ပါဝင်ပြီး ပထမထပ် တွင် အမျိုးသမီးလူနာဆောင်များ၊ ကြပ်မတ်ကုသခန်း၊ ကလေးလူနာကုသခန်းတို့ ပါဝင်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က (၂) ထပ်ဆေးကုသဆောင် သစ်တွင် လူနာများအသုံးပြုရန်အတွက် လေအေးပေးစက်အလုံး (၂၀) ကို လှူဒါန်းရာ မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောမြထွန်းက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် (၂) ထပ်ကုသ ဆောင်သစ် မြေညီထပ်တွင်ရှိသည့် သားဖွားခန်း (၂) ခန်း၊ မွေးပြီးလူနာခန်း၊ မွေးကင်းစကလေး လူနာခန်း၊ ပထမထပ်ရှိအရေးပေါ် လူနာကြပ်မတ်ခန်း၊ အမျိုးသမီးလူနာဆောင်၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်း၊ ဆေးစတိုခန်းများကို လှည့်လည်ကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက လူနာများ စိုက်ထုတ်ကုန်ကျရသည့် ဆေးကုသစရိတ် လျော့နည်းစေရေးအတွက် နိုင်ငံတော်မှ ပံ့ပိုးထားသော ဆေးဝါးများဖြင့် လူနာများအတွက် အကျိုးရှိစွာအသုံးပြုနိုင်ရေး အလေးထား ဆောင်ရွက်ကြရန်မှာကြားကာ ဆေးရုံတက်ရောက် ကုသမှုခံယူနေသော လူနာများကို အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ယမန်နေ့ မွန်းလွဲပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင်အအေးခန်း အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်းတို့က ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင်အအေးခန်း (၃) ထပ် အဆောက်အဦသစ်ကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများက ဖွင့်ပွဲ အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသို လှောင်အအေးခန်း (၃) ထပ် အဆောက်အဦသစ် မြေညီထပ်တွင်ရှိသည့် အအေးခန်းများအတွင်း ကာကွယ်ဆေးများ သိုလှောင်ထားရှိမှု၊ ဆက်စပ်ဆေးပစ္စည်းများ (Dry Stock) များ ထိန်းသိမ်း ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့် ကာကွယ်ဆေးသို လှောင်အအေးခန်း (၃) ထပ်ဆောင်သစ်၏ အဆောက်အဦ၊ ရေ၊ မီးတို့အတွက် ကုန်ကျစရိတ်သည် ခန့်မှန်းတန်ဖိုး မြန်မာကျပ်သိန်းပေါင်း (၇,၀၈၇) သိန်းခန့် (အမေရိကန်ဒေါ်လာ - ၃၃၇,၅၀၀ $)၊ ကျခံကာ GAVI အထောက်အပံ့ဖြင့် Ultra Company Ltd. မှ တာဝန်ယူဆောက် လုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းအတွက်လိုအပ် သောကာကွယ်ဆေး (၂) လစာကို သိုလှောင်ထားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ Ultra Company Ltd. မှ Managing Director ဦးဟိန်းထွန်းဦးက အဆောက်အဦနှင့် ပတ်သက်သော စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စု ဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင်အအေးခန်း (၃) ထပ်အဆောက်အဦသစ်သည် အလျား (၆၀) ပေ၊ အနံ (၄၈) ပေ၊ အမြင့် (၃၉) ပေရှိသော သုံးထပ်ဆောင် အဆောက်အဦ ဖြစ်ပြီး မြေညီထပ်တွင် ကာကွယ်ဆေးများကို သိုလှောင်ထားရှိမည့် (30m3 capacity) Walk in cooler အအေးခန်း (၁)လုံး၊ (20m3 capacity) ရှိ Walk in freezer အအေးခန်း (၁) လုံး၊ Washing room (၁) ခန်း၊ Dry store (၁) ခန်းနှင့် အအေးလမ်းကြောင်း ရုံးခန်းတစ်ခန်းပါဝင်ကြောင်း၊ ပထမထပ်တွင် ရုံးခန်း(၁)ခန်း၊ Function Room (၃) ခန်း၊ ဒုတိယထပ်တွင် သင်တန်းခန်းမကျယ် (၁) ခန်းနှင့် Store (၁) ခန်း၊ Function Room (၁) ခန်း၊ အစားသောက်ပြင်ဆင်ခန်း(၁) ခန်းတို့ ပါဝင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


