နေပြည်တော်၊ အောက်တိုဘာ ၁၉

 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ် အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဌ Mr. Grigoriev Evgency Dmitrievich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

 

တွေ့ဆုံစဉ် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားမှုနှုန်း တိုးမြှင့်လျက်ရှိသော ကင်ဆာရောဂါများနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ ခေတ်မီကင်ဆာဆေးကုသမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ အပြန်အလှန် နည်းပညာဖလှယ်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ ကင်ဆာဆေးကုဌာနမှ ဆေးပညာရှင်များ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးနှင့် အတွေ့အကြုံဖလှယ်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံကင်ဆာရောဂါ ကုသမှုဆေးပညာရှင်များ တွဲဖက်၍ ဆေးကုသမှုများ လုပ်ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ရုရှားနိုင်ငံမှ ကင်ဆာရောဂါများ ကုသပေးသည့် ဆေးဝါးများ အသုံးပြု၍ မြန်မာနိုင်ငံရှိ ကင်ဆာရောဂါဝေဒနာရှင်များအား ဆေးကုသမှုများပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ဆေးပညာရပ်ဆိုင်ရာ ညီလာခံများ၊ အစည်းအဝေးများ ကျင်းပ၍ ဆေးဘက်ဆိုင်ရာ ပညာရှင်များအပြန်အလှန် ဖိတ်ကြားလျက် အသိပညာဖလှယ်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငဆေးပညာကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ချစ်ကြည် ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး ဉီးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဉီးစီးဌာန)၊ ပါမောက္ခ/ ဌာနမှူး၊ ကင်ဆာရောဂါ ဆေးပညာဌာန ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ ပါမောက္ခ/ ဌာနမှူး၊ ကင်ဆာဓါတ်ရောင်ခြည် ဆေးကုဌာန ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ ပါမောက္ခ၊ ကင်ဆာဓါတ်ရောင်ခြည် ဆေးကုဌာန၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀)  နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

သတင်းစဉ်