နေပြည်တော် ဖေဖော်ဝါရီ ၂၇
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပုသိမ်-ငွေဆောင်ကားလမ်းဘေး ၁၉ မိုင်ရှိ ငွေဆောင်အပန်းဖြေဆင်စခန်းသို့ သွားရောက်ကာ ခရီးသွားဧည့်သည်များ ဆင်စီးအပန်းဖြေအနားယူနိုင်ရန် ပြင်ဆင်ဆောင် ရွက်ထားရှိမှုကို ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၁၇ မိုင်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၏ ပုသိမ်မြို့နယ် စီးပွားရေး(ပျဉ်းကတိုး) စိုက်ခင်း၌ အများပြည်သူခရီးသွားများ ငွေဆောင်မြို့ပတ်ဝန်းကျင်ကို ကြည့်ရှုခံစားနိုင်ရန် ပြင်ဆင်ဆောင်ရွက် လျက်ရှိသော ရှုခင်းသာ(view point)သို့ သွားရောက် ကြည့်ရှုသည်။
ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိ သူများနှင့်အတူ ပုသိမ်မြို့ ပုသိမ်ဟိုတယ်၌ ကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်သည်။
ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မန္တလာတက္ကသိုလ်(မန္တလေး)၊ အမျိုးသား စီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (ရန်ကုန်)တို့မှ ပါမောက္ခချုပ်များနှင့် ဆရာ၊ ဆရာမများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရုံးခွဲတာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေနှင့် အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာ အစီအစဉ် (၂၀၁၆-၂၀၂၅)၏ရည်မှန်းချက်များ၊ အာဆီယံမှ ရေးဆွဲအတည်ပြုထားပြီး ဖြစ်သော အာဆီယံ ခရီးသွားလုပ်ငန်းဆိုင်ရာစံနှုန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ စံနှုန်းများကို ခရီးစဉ်ဒေသများ၌ ဝန်ဆောင်မှုအရည်အသွေးများ တစ်ပြေးညီတိုးမြှင့်စေရေး၊ ရေရှည် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ခြင်းဖြစ်ကြောင်း၊ ထိုသို့ အကောင်အထည်ဖော်ရာတွင် အစိုးရ-ပုဂ္ဂလိက-ဒေသခံပြည်သူလူထုအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ အာဆီယံအနေနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကို တစ်ပေါင်းတစ်စည်းတည်းသော အရည်အသွေးမြင့် ခရီးစဉ်ဒေသတစ်ခုအဖြစ် ဖော်ဆောင်ရန်ရည်မှန်းထားရှိကြောင်း၊ အာဆီယံရေရှည် တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းဆိုင်ရာ စံနှုန်း (၁၀)ခုကို ရေးဆွဲအတည်ပြု ထားပြီးဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဆက်စပ်လုပ်ကိုင်ဆောင်ရွက်နေသူများ၊ အစိုးရအဖွဲ့အစည်းများ အနေဖြင့် လိုက်နာကျင့်သုံးကြရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေနှင့် ခရီးစဉ်ဒေသနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ အမျိုးအစားအလိုက် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆုပေါင်း (၁၂၁)ဆုကို ရရှိထား ကြောင်း၊ ခရီးသွားလုပ် ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးစဉ်ဒေသများ အရည်အသွေးမြင့်မားရေး တည်ဆောက်ရာတွင် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များသာမက ကျွမ်းကျင်လုပ်သားများ၏ ကျွမ်းကျင်မှု အရည်အချင်းများသည်လည်း နိုင်ငံတကာစံနှုန်းများနှင့် အညီ ဖြစ်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်မှု၊ ခရီးသွားဧည့် သည်ဝင်ရောက်မှု၊ ခရီးသွားထုတ်ကုန်များနှင့် ခရီးစဉ်ဒေသများဖော်ထုတ် ဆောင်ရွက်နေမှုအခြေအနေများကို ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများက သက်ဆိုင် ရာခေါင်းစဉ် အလိုက် ရှင်းလင်းဆွေးနွေးကြသည်။
ယမန်နေ့က ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ ငွေဆောင်မြို့ရှိ ယမုံနာဦးဟိုတယ်၌ ငွေဆောင်ကမ်းခြေဒေသရှိ ဌာနဆိုင်ရာများ၊ ငွေဆောင်ဟိုတယ်ဇုန်မှ တာဝန်ရှိသူများ၊ ဟိုတယ် လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက ဈေးကွက်မြှင့်တင်ကြော်ငြာရေးဆိုင်ရာကိစ္စရပ်များနှင့် ငွေဆောင်ကမ်းခြေဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး တိုက်တွန်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ငွေဆောင်ကမ်းခြေ သန့်ရှင်းသာယာလှပရေးနှင့် ခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက်လာရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ကမ်းခြေခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ပြောကြားသည်။
ယင်းနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ်သုံးစွဲရေး၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြကာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)