နေပြည်တော် မေ ၁၁

 

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၌ ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနသို့ရောက်ရှိပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ၊ နိုင်ငံတကာ မိုးလေဝသ Website များမှ အချက်အလက်များကိုရယူ၍ ဆိုင်ကလုန်းမုန်တိုင်း ASANI နှင့်ပတ်သက်ပြီး လိုအပ်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူ အဆင့်ဆင့်၏ တင်ပြဆောင်ရွက်မှုများနှင့်ပတ်သက်၍ လိုအပ်သည်များဆွေးနွေးမှာကြားသည်။

     

ဦးစွာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ (ASANI)” ၏တည်နေရာ၊ ဗဟိုလေတိုက်နှုန်း၊ အိန္ဒိယနိုင်ငံ ကမ်းခြေဘက်သို့ မုန်တိုင်းကမ်းကပ်မည့် ခန့်မှန်းရွေ့လျား လမ်းကြောင်းများနှင့်တကွ ဆိုင်ကလုံး မုန်တိုင်း၏ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်မှုများကို တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များ ဖြည့်စွက်တင်ပြသည်။

    

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အိန္ဒိယနိုင်ငံကမ်းခြေအနီး ကမ်းကပ်ဝင်ရောက် မည့် အာစန်နီမုန်တိုင်းနှင့်ပတ်သက်၍ မုန်တိုင်းဖြစ်ပေါ်နေစဉ် အချိန်ကာလအတွင်း မုန်တိုင်းဖြတ်သန်း မည့် ခန့်မှန်းလမ်းကြောင်းကို နေ့ရက်အချိန်အလိုက် စဉ်ဆက်မပြတ် စောင့်ကြည့်စေလိုပါကြောင်း၊ မုန်တိုင်းသည် မြန်မာနိုင်ငံသို့တိုက်ရိုက်သက်ရောက်မှု မရှိသေးသော်လည်း မုန်တိုင်းလမ်းကြောင်း ပြောင်းလဲမှုနှင့် ဆက်စပ်သတင်းအချက်အလက်များကို အချိန်မီသိရှိနိုင်ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအား အချိန်နှင့်တပြေးညီ ကြိုတင်စီမံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခု အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေအနီးဖြစ်ပွားနေသည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ (ASANI)”နှင့် ပတ်သက်၍ နေ့ရက်အလိုက် ပြောင်းလဲလာသည့် သတင်းအချက်အလက်များကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ဆက်လက်ဖြန့်ဝေပေးရန် လိုအပ်ကြောင်း၊ ယခု မုန်တိုင်း အရှိန်ကြောင့်ဖြစ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်မှန်းဆ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများကလည်း မိမိတို့ဒေသအလိုက် လိုအပ်သော သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများကို ကြိုတင်ပြင်ဆင်နိုင်ရေး ဒေသအလိုက် အစိုးရအဖွဲ့များနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း မှာကြားသည်။

     

ယင်းနောက် ဒုတိယဝန်ကြီးက လက်ရှိ အာစန်နီမုန်တိုင်းဒဏ်ခံရနိုင်သည့် အိန္ဒိယနိုင်ငံ၏ ဘေးတုံ့ပြန်ရေးအစီအမံများ ဆောင်ရွက်ထားရှိမှုကို မပြတ်လေ့လာထားကြရန်နှင့် လိုအပ်သလို အသုံးပြုနိုင်ရေး ဆန်းစစ်မှတ်တမ်းတင်ထားကြရန် လိုအပ်ကြောင်း မှာကြားသည်။

(သတင်းစဉ်)